မိုးအဆက်မပြတ်ရွာလို့ ကွတ်ခိုင် နမ့်ဖတ်ကာရွာဘက်မှာ လယ်ဧကရာချီရေမြုပ်ပြီး စပါးတေွ ပျက်စီး
မိုးအဆက်အပြတ် ရွာလို့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာဘက်က လယ်ဧက ရာချီရေမြုပ်မှုကြောင့် စပါးတွေပျက်စီး ဆုံးရှုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မိုးရွာလို့ ရေကြီး မျောပါကုန်တာရှိတယ်။ ရေတွေ မြုပ်နေတာရှိတယ်။ ရိတ်ထားတဲ့ စပါးတွေလည်း မိုးဆက်တိုက် ရွာတော့ အညှောက်တွေ ထွက်ကုန်ပြီ။ ကျနော့် လယ်လည်းပါတယ်။ အဲဒီ ခမောပါ လယ်တောဘက်က လယ်ကွက်တွေက စက်နဲ့ ရိတ်တာ မရှိပဲ” လို့ ဒေသခံ လယ်သမား တယောက်က ပြောပါတယ်။
နမ့်ဖတ်ကာ ခမောပါဘက် လယ်တောတွေက ဧက ၆၀၀ ဝန်းကျင်ရှိပြီး ချောင်းနဲ့ နီးတဲ့ လယ်ကွက်တွေထဲက စပါးတွေက ရေကြီးလို့ မျောပါကုန်ပြီး တချို့လယ်တွေက ရေမြုပ်ကုန်ကာ ကုန်းဘက်ကျတဲ့ လယ်တွေမှာလည်း စပါးရိတ် ထားကြတာကြောင့် ကောက်လှိုင်းမှာပဲ စပါးတွေ အပင်ပေါက်ကုန်တယ်လို့ သူက ပြောပါတယ်။
“ပန်ကိုင်ရွာဘက်က လယ်တောတွေလည်း မိုးကြောင့် စပါးတွေ အကုန်ပျက်စီးကုန်ပြီ။ ကျနော့် လယ်တော သေးသေးလေး မရိတ်ရသေးတဲ့ဟာ အဲဒါပဲ ကျန်တော့တယ်။ သူများ လယ်တွေ အကုန်ပျက်စီးကုန်ပြီ။ ရိတ်ထားတဲ့ စပါးတွေ အညှောက်ပေါက် ကုန်ပြီ။” နောက်ထပ် လယ်သမား တယောက်က ပြောပါတယ်။
ခြွေယူလို့ ရမယ့် စပါးတွေလည်း ပုပ်ကုန် လောက်ပြီဖြစ်ပြီး မူဆယ်မြို့နယ် ထဲက တီးမရွာ ဘက်မှာလည်း စပါးခင်းတွေ မများပေမယ့် စပါး ပုံ တဝက်လောက်ထိ ရေနစ်မြုပ်သွားတယ်လို့ သူက ပြောပါတယ်။
မိုးရွာမှုကြောင့် ဒီလို ကြီးကြီးမားမား စပါးတွေ ပျက်စီးဆုံးရှုံးတာမျိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ခန့်က သာ ဖြစ်ဖူးခဲ့တယ်လို့ သိရပေမယ့် အရင်နှစ်တွေမှာတော့ အခုနှစ်လောက် ဆိုးဆိုးဝါးဝါး မဖြစ်ဖူးဘူးလို့ ဒေသခံတွေက ပြောပါတယ်။