ထရန့်-ကင်ဂျုံအန် ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာနိုင်ခြေများကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး သုံးသပ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာနိုင်ခြေများကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အင်္ဂါနေ့မှာ လွှတ်တော်ကိုတင်ပြရာ အခုလို သုံးသပ်ထားတာပါ။ ကင်ဂျုံအန်ဟာ အမေရိကန်နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိနေပြီး အခြေအနေတွေ ပြည့်စုံမယ်ဆိုရင် ထိပ်သီးဆွေးနွေးပွဲ ဖြစ်နိုင်တယ်လို့ ထောက်လှမ်းရေးအဖွဲ့က အကဲဖြတ်ထားပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပုံမှန်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့စီစဉ်ထားတဲ့ လာမယ့်နှစ် မတ်လမှာ အလှည့်အပြောင်းတခု ဖြစ်လာလိမ့်မယ်လို့လည်း တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ဆိုပါတယ်
ပြီးခဲ့သည့်လက ဒေါ်နယ်ထရန့်ရဲ့ အာရှခရီးစဉ်အတွင်း တောင်ကိုရီးယားရှိနေစဉ် ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ဆွေးနွေးပွဲ အထမမြောက်ခဲ့ပေမယ့်လည်း မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ဆွေးနွေးဖို့ နောက်ကွယ်မှာ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြောက်ကိုရီးယားအပေါ် မူဝါဒပြောင်းလဲခြင်းမရှိကြောင်းနဲ့ သမ္မတထရန့်ဟာ ကြိုတင်ညှိနှိုင်းချက်တွေမရှိဘဲ ကင်ဂျုံအန်နဲ့ ဆွေးနွေးဖို့ အသင့်ရှိနေကာ လက်ရှိမှာတော့ ကြေညာရမယ့် အစည်းအဝေးမျိုးမရှိသေးဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။
ထရန့်နဲ့ ကင်ဂျံအန်တို့ဟာ ထရန့်ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တို့မှာ ထိပ်သီးဆွေးနွေးပွဲတွေ ကျင်းပခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း မြောက်ကိုရီးယား နျုကလီးယားအစီအစဉ် စွန့်လွှတ်ရေးအပေါ်မှာတော့ သဘောထားကွဲလွဲမှုတွေ ဆက်လက်ရှိနေခဲ့ပါတယ်။