တောင်ကြီး မီးပုံးပျံပွဲတော် ကာလအတွင်း တောင်ကြီး-ပေါမူ-တောင်ကြီး ရထားခရီးစဉ်ကို နိုဝင်ဘာ ၁ ရက်မှ ၄ ရက်နေ့အထိ ပြေးဆွဲပေးမယ်
တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပမည့် ကာလအတွင်း ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ တောင်ကြီးမြို့ရဲ့ သာယာလှပသောရှုခင်းများကို ကြည့်ရှုခံစားနိုင်ရန် ရည်ရွယ်ပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ပြေးဆွဲပေးနေသည့် တောင်ကြီး-ပေါမူ-တောင်ကြီး Sightseeing ရထားခရီးစဉ်ကို အထူးကိစ္စတစ်ရပ်အနေဖြင့် နိုဝင်ဘာ ၁ ရက်မှ ၄ ရက် (စနေနေ့မှ အင်္ဂါနေ့) အထိ ပြေးဆွဲပေးသွားမှာဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။
တောင်ကြီး-ပေါမူ ရထားခရီးစဉ်မှာ ၁၁ ဒသမ ၄၁ မိုင်ကွာဝေးပြီး ပြေးဆွဲချိန် ၁ နာရီခွဲခန့် ကြာမြင့်တာဖြစ်တဲ့အတွက် တောင်ကြီးဘူတာမှ နံနက် ၉ နာရီစတင် ထွက်ခွာကာ လမ်းခရီး၌ ဘဝသံသရာအဝိုင်းအနီး ဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ်ဘူတာ၌ မိနစ် ၃၀ ရပ်တန့်သွားမည်ဖြစ်ကြောင်း၊ ပေါမူဘူတာသို့ ရောက်ရှိချိန်တွင် ရထားတွဲဆိုင်းအား တောင်ကြီးဘက်သို့ ပြန်လှည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် မိနစ် ၃၀ ရပ်တန့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ပေါမူဘူတာမှ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင်ပြန်လည် ထွက်ခွာပြီး တောင်ကြီးဘူတာသို့ မွန်းတည့် ၁၂ နာရီခွဲတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကာ အထက်တန်း(၁)တွဲ၊ ရိုးရိုးတန်း(၃)တွဲနှင့် ရထားထိန်းတွဲ(၁)တွဲ တို့ပါဝင်ပြီး အသွား/အပြန်လက်မှတ်ခအနေဖြင့် တစ်ဦးကို အထက်တန်းတွဲ(၁၀,၀၀၀)ကျပ်နှင့် ရိုးရိုးတန်းတွဲ(၅,၀၀၀) ကျပ်အဖြစ် သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။
အဆိုပါ ခရီးစဉ်အတွင်း တောင်ကြီးမြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ မီးပုံးပျံကွင်း၊ မြို့ပြမြင်ကွင်းများ၊ ဘဝသံသရာ တံတားအား ဖြတ်သန်းစဉ် တောင်တန်းများ၊ ကွင်းပြင်ကျယ်များ၊ ထီသိမ်ဘူတာအထက်ဘက်ရှိ ထီသိမ် အဝိုင်းပတ်နှင့် ဘဝသံသရာတံတား၊ ထီသိမ်ဘုရား၊ မြေပြိုဘုရားများ၊ ရွှေညောင်ကန်နှင့် ကွင်းပြင်ကျယ်ကြီးများ၊ တောင်တန်းနှင့် သဘာဝအလှအပရှုခင်းများကို ကြည့်ရှုခံစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့မီးရထားအနေနဲ့ ရထားစီးနင်းခရီးသည်များ အဆင်ပြေစေရန်အတွက်လည်း အမှတ် (၁၄၁)အဆန်၊ (၁၄၂)အစုန် သာစည်-ရွှေညောင် လူစီးရထားကိုလည်း တောင်ကြီးအထိ ပြေးဆွဲပေးမည်ဖြစ်ရာ အမှတ်(၁၄၁) အဆန်ရထားဟာ သာစည်ဘူတာမှ နံနက် ၅ နာရီထွက်ခွာ၍ တောင်ကြီးဘူတာသို့ ညနေ ၆ နာရီခွဲ၊ အမှတ်(၁၄၂)အစုန်ရထားမှာ တောင်ကြီးဘူတာမှ နံနက် ၆ နာရီထွက်ခွာ၍ သာစည်ဘူတာသို့ ည ၇ နာရီခွဲတို့တွင် ဆိုက်ရောက်မည်ဖြစ်ကာ ဘူတာစဉ်အလိုက်ရပ်တန့်ပေးသွားမည်ဖြစ်ပြီး လက်မှတ်ခအနေဖြင့် တစ်ဦးကို ခရီးစဉ် စ/ဆုံး ရိုးရိုးတန်း(၁၂,၀၀၀)ကျပ်၊ အထက်တန်း(၁၄,၀၀၀)ကျပ် သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။