စပါးတင်းတစ်ရာ ရည်ညွှန်းဈေး ကျပ် ၁၁၅၀,၀၀၀ သတ်မှတ်
တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ရဲ့ အခြေခံရည်ညွှန်းဈေးကို ကျပ် ၁၁သိန်း ၅သောင်း သတ်မှတ် လိုက်တယ်လို့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေအတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်း နဲ့ ဈေးကွက် ဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်မယ့် စပါးသီးနှံအတွက် အခြေခံ ရည်ညွှန်းစပါးဈေးကို ထုတ်ပြန် ကြေညာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ် စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ရဲ့ အခြေခံ ရည်ညွှန်းစပါးဈေးကို ကျပ် ၁၁သိန်း ၅သောင်းအဖြစ် သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ ကြေညာချက်အရ သိရပါတယ်။
ဈေးကွက်ပေါက်ဈေးက အခြေခံ ရည်ညွှန်းစပါးဈေးအပေါ်တွင် ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူဖို့ နဲ့ ဈေးကွက်ပေါက်ဈေးက ရည်ညွှန်းဈေးအောက်မှာ ရှိရင် အခြေခံဈေးအတိုင်း ဝယ်ယူရမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုသတ်မှတ်ခဲ့တဲ့ အခြေခံရည်ညွှန်းစပါးဈေးကတော့ ၂၀၂၅ ခုနှစ် မိုးစပါးနဲ့ လာမဲ့ ၂၀၂၆ ခုနှစ် နွေစပါးတို့ အတွက် ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့လည်း ကြေညာချက်အရ သိရပါတယ်။
ဒါ့အပြင် အခြေခံ ရည်ညွှန်းဈေးနဲ့ ရောင်းချဖို့ အခက်အခဲရှိတဲ့ တောင်သူလယ်သမားတွေအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ မြို့နယ်ကိုယ်စားလှယ် ဒါမှမဟုတ် အသင်းချုပ် ရုံးဖုန်းကိုလည်း ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။