နောက်ထပ် ဒဏ်ရာပြဿနာကြုံကာ မိုနာကိုအတွက် ပထမဆုံးပွဲကစားရေး ရွှေ့ဆိုင်းလာရပြန်တဲ့ ပေါလ်ပေါ့ဘာ

ပေါလ်ပေါ့ဘာဟာ လေ့ကျင့်ခန်းအစီအစဉ်တွင် ခြေကျင်းဝတ်ဒဏ်ရာထပ်မံ ရရှိလာမှုနှင့်အတူ ကာလရှည်ကြာ စောင့်ဆိုင်းလာခဲ့တဲ့ မိုနာကိုအတွက် ပထမဆုံးပွဲ ကစားရေး ရွှေ့ဆိုင်းလာရပြန်ပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ပရော်ဖက်ရှင်နယ်ပွဲ နောက်ဆုံးကစားခဲ့တဲ့ အသက် ၃၂ နှစ်ရှိ ပြင်သစ်ကွင်းလယ်ကစားသမားဟာ ယခုအပတ် ပဲရစ်အက်ဖ်စီနှင့် ပွဲစဉ်တွင် မိုနာကိုအတွက် ပထမဆုံးပွဲကစားရန် စီစဉ်ထားတာပါ။

ဒါပေမယ့် သူဟာ ကြာသပတေးနေ့တုန်းက လေ့ကျင့်ခန်းအစီအစဉ်တွင် ခြေကျင်းဝတ်ဒဏ်ရာရရှိမှုနှင့်အတူ ယနေ့ည ပဲရစ်အက်ဖ်စီနှင့် ကစားမယ့်ပွဲကို လွဲချော်လာပါမယ်။

အစောပိုင်းတုန်းက မိုနာကိုနည်းပြဆီဘာတီယန်ပိုဂနိုလီက ပေါ့ဘာမှာ ၂၆ လအတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် အသင်းလူစာရင်းတွင် ပါဝင်လာဖို့ ရှိကြောင်း ပြောဆိုခဲ့ပေမယ့် ယခုအခါ ဒဏ်ရာကြောင့် လွဲချော်လာပါတော့မယ်။

ပေါ့ဘာအတွက် နောက်ဆုံးအကြိမ် ပရော်ဖက်ရှင်နယ်ပွဲကစားခဲ့တာ ၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းက ဂျူဗင်တပ်အတွက် ကစားခဲ့တာ ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် တားမြစ်ဆေးသုံးစွဲမှုကြောင့် ပွဲပယ်ခံခဲ့ရပါတယ်။

သူဟာ ဇွန်လတုန်းက မိုနာကိုသို့ ပြောင်းပြီးနောက် ကြံ့ခိုင်မှုပြည့်ဝလာရေး သုံးလစီမံကိန်းဖြင့် ပြုလုပ်ကာ ပွဲကစားရေးပြင်ဆင်ခဲ့ပါတယ်။

သူဟာ အန်ဂါးနှင့်ပွဲစဉ်တွင် မိုနာကိုအတွက် ပထမဆုံးပွဲကစားရန် စီစဉ်ခဲ့ပေမယ့် အသေးစားဒဏ်ရာပြဿနာကြောင့် ရွေ့ဆိုင်းခဲ့ရပြီးလည်း ဖြစ်ပါတယ်။

ယခုအခါ ယူနိုက်တက်နှင့် ဂျူဗင်တပ်ကွင်းလယ်ကစားသမားဟောင်းဟာ ခြေကျင်းဝတ်ဒဏ်ရာထပ်မံ ရရှိလာမှုနှင့်အတူ ပထမဆုံးမိုနာကိုပွဲ ကစားရေး စောင့်ဆိုင်းလာရပါဦးမယ်။

image