ယူကရိန်းသို့ တိုမာဟော့ ဒုံးကျည်များပေးရန် ပင်တဂွန်က ခွင့်ပြုပေးလိုက်ပြီဖြစ်၍ ယင်းဒုံးကျည်များ ပံ့ပိုးရေးကို သမ္မတဒေါ်နယ်ထရန့်ကသာ ဆုံးဖြတ်ရတော့မည်
ယူကရိန်းသို့ တိုမာဟော့ ဒုံးကျည်များပေးရန် ပင်တဂွန်က ခွင့်ပြုပေးလိုက်ပြီဖြစ်၍ ယင်းဒုံးကျည်များ ပံ့ပိုးရေးကို သမ္မတဒေါ်နယ်ထရန့်ကသာ ဆုံးဖြတ်ရတော့မည်ဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
ယူကရိန်းသို့ တိုမာဟော့ဒုံးကျည်များပေးခြင်းက အမေရိကန်၌ သိုလှောင်ထားသော ယင်းဒုံးကျည်များနှင့် ပတ်သက်၍ အပျက်သဘောအားဖြင့် သက်ရောက်မှုမရှိကြောင်း စိစစ်ခဲ့ပြီးနောက် ပင်တဂွန်က တိုမာဟော့ဒုံးကျည်များကို ယူကရိန်းသို့ ပံ့ပိုးပေးရန် အိမ်ဖြူတော်အား ခွင့်ပြုပေးလိုက်ပြီဖြစ်သောကြောင့် ဒုံးကျည်များပံ့ပိုးပေးရေးအတွက် အပြီးသတ်နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်သည် သမ္မတဒေါ်နယ်ထရန့် လက်ထဲကို ရောက်ရှိသွားပြီဟု ယင်းကိစ္စနှင့် နီးစပ်သည့် အမေရိကန်နှင့် ဥရောပတာဝန်ရှိသူသုံးဦး၏ ပြောကြားချက်များအရ သိရကြောင်း CNNသတင်းဌာနက ဖော်ပြခဲ့သည်။
ထရန့်က အောက်တိုဘာလ စောစောပိုင်းတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးနှင့် အိမ်ဖြူတော်တွင် အလုပ်သဘောနေ့လည်စာစားခဲ့ရာတွင် ပြောကြားခဲ့ရာ၌ "မိမိတို့သည် မိမိတို့၏ နိုင်ငံကို ကာကွယ်ရန် လိုအပ်သောအရာများကို ပေးရန် ဆန္ဒမရှိသောကြောင့် ယူကရိန်းထံ ဒုံးကျည်များကို မပေးလို"ဟု ပြောကြားခဲ့သည်။
သမ္မတဒေါ်နယ်ထရန့်က ဇယ်လန်းစကီးကို မတွေ့ဆုံမီ အောက်တိုဘာလစောစောပိုင်းတွင် စစ်ဦးစီးချုပ်က ၎င်း၏ စိစစ်ချက်ကို အိမ်ဖြူတော်သို့ အကြောင်းကြားထားခဲ့သည်။ အကွာအဝေးအားဖြင့် မိုင် ၁,၀၀၀ ပတ်လည် ရောက်ရှိနိုင်ပြီး ရုရှားနိုင်ငံအတွင်းပိုင်းတွင် တည်ရှိသော ရေနံချက်စက်ရုံများနှင့် လျှပ်စစ်အားပေးစက်ရုံများကို ပိုမိုထိရောက်စွာ ပစ်မှတ်ထား တိုက်ခိုက်နိုင်သော တိုမာဟော့ဒုံးကျည်များကို ပေးရန် ဇယ်လမ်းစကီးက ထရန့်ကို ဖိအားပေးလျက်ရှိသည်။
ပင်တဂွန်၏ စိစစ်ချက်က အမေရိကန်၏ ဥရောပမဟာမိတ်နိုင်ငံများကို အားတက်စေခဲ့သည်။ အမေရိကန်သည် ယူကရိန်းထံ ဒုံးကျည်များ ပေးပို့ခြင်းမပြုရေးအတွက် ယခုအခါ ဆင်ခြေနည်းနည်းသာကျန်တော့သည်ဟု ဥရောပတာဝန်ရှိသူနှစ်ဦးက ပြောကြားခဲ့သည်။
အိမ်ဖြူတော်၌ ဇယ်လန်းစကီးနှင့် တွေ့ဆုံစဉ် အမေရိကန်သမ္မတက အမေရိကန်သည်လည်း တိုမာဟော့ဒုံးကျည်များ လိုအပ်သည်ဟု ပြောကြားခဲ့သည့်အပေါ် အမေရိကန်တာဝန်ရှိသူများနှင့် ဥရောပ တာဝန်ရှိသူများ အံ့အားသင့်ခဲ့ရသည်။ ထို့အပြင် ဇယ်လန်းစကီးနှင့် တံခါးပိတ်ဆွေးနွေးခဲ့ရာတွင်လည်း ဒေါ်နယ်ထရန့်က အမေရိကန်သည် ယခုအချိန်ထိ တိုမာဟော့ ဒုံးကျည်များကို ပံ့ပိုးပေးဦးမဟုတ်ဟု ပြောကြားခဲ့သည်။
ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တယ်လီဖုန်းဖြင့် စကားပြောခဲ့ပြီး နောက်တစ်ရက်အကြာတွင် ထရန့်က တိုမာဟော့ဒုံးကျည်များကို ပေးမည်မဟုတ်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါဒုံးကျည်များသည် စစ်မြေပြင်တွင် ထူးခြားသိသာသော သက်ရောက်လာမှုများ ရှိမည်မဟုတ်ဘဲ ရုရှားမြို့ကြီးများဖြစ်သော မော်စကို၊ စိန့်ပီတာစဘတ်တို့လိုမြို့ကြီးများကို ထိခိုက်စေနိုင်သဖြင့်အမေရိကန်-ရုရှား ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်ဟု ပူတင်က ပြောကြားခဲ့ကြောင်းဟု CNN က ဖော်ပြခဲ့သည်။