ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့်အရေးယူခံရသူ ၈၈ဦးရှိ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ အရေးယူခံရသူ ၈၈ဦးရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ပြောပါတယ်။
အောက်တိုဘာ၃၁ရက်က ပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က အခုလိုပြောကြားလိုက်တာပါ။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ အရေးယူဆောင်ရွက်မှု၄၀မှာ အမျိုးသား ၈၃ဦး၊ အမျိုးသမီး၅ဦး တို့ကို အရေးယူထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီးတော့လည်း ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှုတွေ ကျူးလွန်နေတဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး အရေးယူသွားဖို့လိုတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒါရိုက်တာမိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင်ကျော်ဝင်းထွဋ်၊ ဟာသသရုပ်ဆောင်အုန်းဒိုင်း၊ ဒါရိုက်တာဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူတို့ကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ အရေးယူထားကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

image