ကံမမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး အမျိုးသမီးတစ်ဦးနှင့် အရပ်သားနှစ်ဦးကို ဒလန်စွပ်စွဲချက်ဖြင့် PDF များက သေနတ်ဖြင့်ပစ်သတ်

မကွေးတိုင်းဒေသကြီး ကံမမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး အမျိုးသမီးတစ်ဦးနှင့် အရပ်သားနှစ်ဦးကို ဒလန်စွပ်စွဲချက်ဖြင့် PDF များက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

ကံမမြို့နယ်၊ ကျီးမီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းနွယ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် အောက်တိုဘာ ၂၉ ရက် နံနက် ၆ နာရီခန့်တွင် PDF များက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဒေါ်သင်းသင်းနွယ်အား ဖမ်းဆီးခေါ်ဆောင်သွားကာ ကျီးမီးကျေးရွာတောင်ဘက်ရှိ ရေနံ့သာ-ကျီးမီး-ကျောက်ပဒေါင်း ကျေးရွာသွားလမ်းဘေး၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဒေါ်သင်းသင်းနွယ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ကံမမြို့နယ် သရက်ချောင်းကျေးရွာနေသူများဖြစ်သည့် ဦးတင်ဦးနှင့် ၎င်း၏ယောက်ဖဖြစ်သူ ဦးတင်ဌေးတို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ရှိနေစဉ် အောက်တိုဘာ ၂၇ ရက် ည ၁၁ နာရီခန့်တွင် PDF ၁၅ ဦးခန့်ရောက်ရှိလာပြီး ဒလန်များဟုပြောဆို၍ ဖမ်းဆီးခေါ်ဆောင်ကာ သရက်ချောင်းကျေးရွာအနောက်ဘက် သုံးဖာလုံခန့်အကွာ ဒေသအခေါ် ကုန်ထုတ်လမ်းဘေး၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးနှင့် အရပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image