တွဲကားတွေ ထားတဲ့ ခြံတခုမီးလောင်လို့ တွဲကား၊ ဘက်ဟိုးယာဥ်နဲ့ အဆောက်အဦတချို့ မီးလောင်ပျက်စီး 
 
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ် - ထုံးဘိုလမ်း ဘေးက တော်လှကျေးရွာမှာ  ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က တွဲကားရပ်နားတဲ့ ခြံတခု မီးလောင်မှုဖြစ်လို့ တွဲကား သုံး စီး၊ ဘက်ဟိုးယာဥ် တစီး အပါအဝင် အဆောက်အဦတချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 
 
"ခြံစောင့်လောက်ပဲ ရှိတယ် လူအထိအခိုက်ကတော့ မရှိဘူးကြားတယ်၊ အသင်းကနေ သိရတာတော့ တွဲကား သုံး စီး၊ ဘက်ဟိုး ၁ စီး နဲ့ အဆောက်အဦတချို့ မီးလောင်ပျက်စီးခဲ့တယ် "လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး တိုင်းရုံး) က တာဝန်ရှိသူတဦးက ပြောပါတယ်။ 
 
ဖြစ်စဥ်နေရာကို အမရပူရမြို့နယ်မီးသတ်စခန်း က မီးငြှိမ်းသတ်ယာဥ် တစီးနဲ့ အတူ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်တွေ သွားရောက်ငြှိမ်းသတ်ခဲ့ရာမှာ နေ့လယ် ၁ နာရီ ၆ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 
 
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) က ဂါလံ ၃၈၀၀ နှင့် ၂၂၀၀ ဆံ့ အရေးပေါ် ရေသယ်ယာဥ်များ နှင့် တိုင်းရုံးအဖွဲ့ဝင်များ ထွက်ခွာကာ နယ်မြေခံ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့များ၊ နယ်မြေခံပရဟိတအသင်းများ နှင့် အတူပူးပေါင်းကာ ရေအထောက်အကူပြု ကူညီဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။ 
 
ဆုံးရှုံးမှုတန်ဖိုးကိုတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က တွက်ချက်နေဆဲ ဖြစ်တာကြောင့် ဆုံးရှုံးမှုတန်ဖိုးကိုတော့ အသေးစိပ် မသိရသေးပါဘူး။


