အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့အတွက် တောင်သူတွေ အထူးသတိပြုဖို့ လို
အခု ရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့အတွက် တောင်သူတွေအနေနဲ့ အထူးသတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောပါတယ်။
လက်ရှိမှာ ထိုင်းပင်လယ်ကွေ့ကနေ အရှေ့ဘက်က ရွေ့လာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့်အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်မှာ လာမယ့် နှစ်ရက်၊ သုံးရက်အတွင်း လေထု မငြိမ်သက်မှုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးတွေ ရှိတဲ့အတွက် ဒီကနေ့ အောက်တိုဘာ ၃၁ ရက်ကနေ လာမယ့် နိုဝင်ဘာ ၅ ရက်နေ့အထိ ခြောက်ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရှိလာနိုင်တယ်လို့ ဒေါက်တာ ကျော်မိုးဦးက ပြောပါတယ်။
“ဒါက သဘာဝဖျက်မိုးလို့လည်း ပြောလို့ရတယ်။ ပြောရမယ်ဆိုရင် ဒီကာလက တောင်သူတွေက သီးနှံရိတ်သိမ်းတဲ့ ကာလတွေပေါ့။ တချို့ကလည်း ဒီအချိန်မှာ ရိတ်သိမ်းပြီးတော့ အခြောက်လှမ်းတာတွေ ရှိတာပေါ့။ ဒါမျိုးတွေအတွက် ကြိုတင် ပြင်ဆင်နိုင်ဖို့ လိုတယ်။ အဓိက ကတော့ သီးနှံတွေ မိုးလွတ်ကင်းအောင် ထိန်းသိမ်းဖို့လိုတယ်။ ဒါကြောင့် ကျွန်တော်တို့က ကြိုပြီး သတင်း ထုတ်ပြန်ပေးနေတာပါ” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံတခုဖြစ်သလို လက်ရှိ မော်ဒယ် ခန့်မှန်းချက်တွေအရ လာမယ့် ရက်တွေမှာ ရာနှုန်းပြည့်နီးပါး မိုးရနိုင်မယ့် အနေအထားမျိုး ရှိနေတဲ့အတွက် နေရာဒေသတိုင်းလိုလို ဖျက်မိုး အန္တရာယ်ကို သတိပြုဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
“ဒီရက်ပိုင်းတွေကတော့ မြန်မာနိုင်ငံ တောင်းပိုင်းဒေသတွေလည်း သတိပြုဖို့လိုသလို လေထု မငြိမ်မသက်မှုက အပေါ်ကို နည်းနည်းတက်လာပြီဆို မြစ်ဝကျွန်းပေါ်တို့ဘာတို့ ရောက်လာရင် အဲဒီဒေသတွေလည်း သတိထားဖို့လိုတယ်။ ပြီးသွားရင်တော့သူက ဘင်္ဂလားပင်လယ်အော်ထဲ ရောက်သွားပြီဆိုရင် ရခိုင်တို့၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေပေါ့။ ပြီးသွားရင် အိန္ဒိယထဲ ဝင်သွားပြီး ရပ်သွားရင်လည်း အဲဒီက ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွေ မိုးရနိုင်တဲ့အတွက် ဘာပဲပြောပြောပေါ့၊ နေရာတိုင်းမှာတော့ သတိပြုဖို့ လိုအပ်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့ ဒေသတွေကတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) စတဲ့ ဒေသတွေဖြစ်ပြီး နေရာကျဲကျဲ မိုးရွာသွန်းနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တွေမှာလည်း နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်သလို တချို့ဒေသတွေမှာတော့ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ကပ္ပလီ ပင်လယ်ပြင်မှာ လေထု မငြိမ်သက်မှုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကြောင့်လည်း လေထုတွေဟာ ကပ္ပလီပင်လယ်ပြင်ကနေ ဘင်္ဂလား ပင်လယ်အော်အထိ ရောက်လာနိုင်တဲ့ အနေအထားမျိုး ရှိတဲ့အတွက်ကြောင့် မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ သူက ပြောပါတယ်။
အဲဒီလို မိုးသက်လေပြင်း ကျတဲ့ အချိန်တွေမှာ ရေပြင်၊ မြေပြင်လေဟာ တနာရီကို မိုင် ၃၀ ကနေ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်ကလည်း ၈ ပေကနေ ၁၀ ပေလောက်အထိ ရှိနိုင်တယ်လို့ သူက ပြောပါတယ်။
“နောက်တချက်ကတော့ ဒီကာလတွေမှာ မြစ်ကြီး၊ ချောင်းကြီးတွေမှာတော့ ရေကြီး၊ ရေလျှံတာတွေ မဖြစ်နိုင်ပေမယ့် မြစ်ငယ်၊ ချောင်းငယ်တွေမှာတော့ မိုးနည်းနည်းလေး များသွားပြီဆိုရင် တောင်ကျချောင်းရေ ဆင်းလာပြီးတော့မှ လျှပ်တပြက် ရေကြီးတာတွေ ဖြစ်နိုင်တယ်။ ဒါတွေအတွက်ကို ကြိုတင် ပြင်ဆင်နိုင်ဖို့ လိုတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် တောင်ကုန်း၊ တောင်တန်း ဒေသတွေမှာလည်း မိုးအနည်းငယ် များလာတဲ့အခါ တချို့သော နေရာတွေမှာ မြေပြိုကျမှုတွေ ရှိလာနိုင်တဲ့အတွက် ဒီလို အန္တရာယ်မျိုးနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူတွေအနေနဲ့ ကြိုတင် သတိပြုကြစေလိုတဲ့အတွက် မိုး/ဇလ ဌာနက အထူး မိုးလေဝသ သတင်းတွေ ထုတ်ပြန်ပေးနေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မိုး/ဇလ ဌာနရဲ့ မနေ့ အောက်တိုဘာ ၃၀ ရက်၊ ညနေ ၄ နာရီအချိန် ထုတ်ပြန်တဲ့ အထူး မိုးလေဝသသတင်း အသိပေးချက်မှာလည်း အခု ရက်တွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက် ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် အဲဒီ ဒေသတွေက ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ အနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားကြဖို့ လိုသလို ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်း ပျံသန်းရေးနဲ့ ဆည်မြောင်း တာတမံတွေ အနေနဲ့လည်း လိုအပ်တာတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြစေလိုတယ်လို့ မိုး/ဇလ ဌာနက သတိပေး နှိုးဆော်ထားပါတယ်။