၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိုးရာသီစခန်းချလေ့ကျင့်ခြင်းပြီးဆုံး၍ သင်တန်းဆင်း 
 
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိုးရာသီစခန်းချလေ့ကျင့်ခြင်းပြီးဆုံး၍ သင်တန်းဆင်းခဲ့ကြောင်း သိရသည်။ 
 
တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ အောက်တိုဘာ ၁ ရက်မှစတင်၍ အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့် စစ်ပညာသင်တန်း စခန်းချလေ့ကျင့်ရေးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီးယနေ့(အောက်တိုဘာ ၃၀ ရက်)တွင် သင်တန်းဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
 
အဆိုပါသင်တန်း ဆင်းပွဲများကို နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဗထူးတပ်မြို့၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့ရှိ နယ်မြေခံသင်တန်း ကျောင်းခန်းမများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
 
ယင်းသင်တန်းဆင်းပွဲများသို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်း နည်းပြများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ နှင့် တာဝန်ရှိသူများက သင်တန်းဆင်း အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။ 
 
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက မိုးရာသီစခန်းချလေ့ကျင့်ရေး သင်တန်းများအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ ဆုတံဆိပ်ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများနှင့် ဆုရရှိကြသူများက အသီးသီး လက်ခံရယူခဲ့ကြောင်း သိရသည်။ 
 
၂၀၂၄-၂၀၂၅  ပညာသင်နှစ် သင်တန်းများတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၈၈ ဦးတို့ကို သင်တန်းကာလရက်ပေါင်း ၃၀ ဖွင့်လှစ်၍ ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ မြန်မာ့သိုင်းဘာသာရပ်၊ စစ်ရေးပြ ဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှု ဘာသာရပ်၊ စစ်နည်းဗျူဟာ ဘာသာရပ်၊ သဘောတရား ရေးဆိုင်ရာဘာသာရပ်၊ စစ်မြေပြင်အင်ဂျင် နီယာဘာသာရပ်၊ ကျန်းမာရေးနှင့်ရှေးဦးသူနာပြုဘာသာရပ်များနှင့် စက်ပစ်ကွင်း လက်တွေ့ပစ်ခတ်ခြင်း သင်ခန်းစာများအား အထွေထွေဗဟုသုတရရှိစေရေးအတွက် လေ့ကျင့်သင်ကြားပေးခြင်းအပြင် ပြင်ပလေ့လာရေးခရီးစဉ်များကိုလည်း လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။ 
 
အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်းစခန်းချ လေ့ကျင့်ရေးသင်တန်းများတွင် တက္ကသိုလ်အသီးသီးမှ ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်များတွင် သင်ကြားပို့ချခြင်းဖြစ်ကြောင်း သိရသည်။


