ကမ္ဘောဒီးယား အွန်လိုင်းလိမ်လည်မှုဂိုဏ်းတစ်ခုမှ ဂိုဏ်းသားများ မြန်မာနိုင်ငံသို့ ထွက်‌ပြေးလွတ်မြောက်နေဟုဆို

ကမ္ဘောဒီးယားတွင် အွန်လိုင်း လိမ်လည်မှုလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်ခဲ့သော ဂိုဏ်းဝင်များအဖွဲ့သည် ကမ္ဘောဒီးယားအာဏာပိုင်များက ဖနွမ်းပင်ရှိ သူတို့၏လုပ်ငန်းတည်ရာတိုက်ခန်းများအား ချဉ်းကပ်ဖမ်းဆီးရန် ကြိုးစားနေချိန်တွင် သတင်းပေါက်ကြားမှုများ ရရှိခဲ့သည်ဟု ယူဆရပြီး၊ စက်တင်ဘာ ၉ ရက်နေ့က ယင်းဂိုဏ်းတည်ရာနေအိမ်နှင့် ဂိုဒေါင်တစ်ခုကို ကမ္ဘောဒီးယား အမျိုးသားရဲတပ်ဖွဲ့ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးဌာနက ဦးဆောင်စီးနင်းခဲ့‌သော်လည်း ယင်းအွန်လိုင်းလိမ်လည်မှုဂိုဏ်းဝင် စင်ကာပူနိုင်ငံသား ၂၇ ဦးနှင့် မလေးရှားနိုင်ငံသား ၇ ဦးတို့သည် ဖမ်းဆီးခြင်းမှ လွတ်မြောက်ကာ မြန်မာနိုင်ငံသို့ တိမ်းရှောင်ထွက်ခွာသွားခဲ့ကြောင်း စင်ကာပူအခြေစိုက် The Straits Time သတင်းစာက သတင်းရေးသားထားသည်

ဖနွမ်းပင်သို့ ပြန်လာသည့် ယင်းအွန်လိုင်းလိမ်လည်မှုဂိုဏ်းဝင်မလေးရှားနိုင်ငံသား တစ်ဦးကိုမူ ကမ္ဘောဒီးယား အာဏာပိုင်များက ဖမ်းဆီးခဲ့မိ‌ကြောင်းသိရသည်။

စင်ကာပူရဲတပ်ဖွဲ့ကလည်း အဆိုပါ အွန်လိုင်းလိမ်လည်မှုဂိုဏ်းနှင့် ဆက်စပ်၍ စက်တင်ဘာ ၉ ရက်နေ့တွင် စင်ကာပူရှိ တိုက်ခန်းများနှင့် ဟိုတယ်အခန်းများအပါအဝင် နေရာအချို့၌ တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းခဲ့ပြီး သံသယရှိသူ ၁၅ ဦးကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများအနက် စင်ကာပူနိုင်ငံသား ၁၂ ဦး၊ မလေးရှားနိုင်ငံသား ၂ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသူ တစ်ဦးကို တရားစွဲဆိုထားပြီး အာမခံပေးရန် ငြင်းဆိုခဲ့သည်။

ဖမ်းဆီးခံရသူအချို့မှာ ထိုအွန်လိုင်းလိမ်လည်မှုဂိုဏ်းအတွက် ဖုန်းဆက်‌ပေးရသူများအဖြစ် လုပ်ဆောင်ခဲ့ပြီး ကမ္ဘောဒီးယားမှ ပြန်လာကာစလူများ ဖြစ်သည်ဆို၏။

image