နှစ်ပေါင်း (၁) သိန်းကျော်ကြာ မျိုးတုံးပျောက်ကွယ်ခဲ့တဲ့ ငှက်တစ်မျိုး ပြန်လည်ပေါ်ပေါက်လာ
Linnean Society ဟာ သဘာဝသမိုင်းကို လေ့လာသုတေသနပြုတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ၎င်းအဖွဲ့အစည်းရဲ့လေ့လာတွေ့ရှိချက်အရ ခြေတံရှည်ငှက်မျိုးနွယ်တစ်မျိုးဖြစ်တဲ့ Aldabra white-throated rail ဟာ နှစ်ပေါင်း (၁၃၆၀၀၀) ကြာ မျိုးတုံးပျောက်ကွယ်ပြီးမှ မျိုးနွယ်တစ်ခုအဖြစ် ပြန်လည်ပေါ်ပေါက်လာခဲ့တယ်လို့ သိရပြီး ဒါဟာ ရှားပါးထူးခြားလှတဲ့ ဆင့်ကဲဖြစ်စဉ်တစ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တစ်ဆက်တည်းမှာပဲ အဲဒီငှက်နဲ့ မျိုးစိတ်တူညီတဲ့ အခြားတိရစ္ဆာန်မျိုးနွယ်တွေက မျိုးတုံးပျောက်ကွယ်သွားလည်း အခုလို မျိုးနွယ်တစ်ရပ်အဖြစ် ပြန်လည်ပေါ်ပေါက်လာဖွယ်ရှိတယ်လို့ ပညာရှင်တွေဘက်က အားတက်ဖွယ်ခန့်မှန်းချက်တွေကို ထွက်ပေါ်လာစေခဲ့ပါတယ်။
ပညာရှင်တွေရဲ့အဆိုအရ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၃၆၀၀၀) တုန်းက အဲဒီငှက်က အိန္ဒိယသမုဒ္ဒရာတွင်းမှာရှိတဲ့ Aldabra သန္တာကျောက်ကျွန်းမှာ နေထိုင်ကျက်စားခဲ့တာဖြစ်ပြီး မပျံသန်းနိုင်တဲ့ငှက်အမျိုးအစားပါ။ ရေကြီးမှုဖြစ်စဉ်တစ်ခုကြောင့် Aldabra ကျွန်း နစ်မြုပ်သွားချိန်မှာ တစ်ပါတည်း မျိုးတုံးကွယ်ပျောက်သွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။