ပဲလေ့စ်ကို ရှုံးနိမ့်ကာ ခါရာဘောင်ဖလားမှ ထွက်ခဲ့ရပြီးနောက် ဆင်ခြေဆင်လက်ပေးနေတဲ့ အန်းဆလော့
=====================

ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်ဖလား ရခဲ့တယ်။ အန်းဆလော့ဟာ လီဗာပူးကို ဦးဆောင်ပြီးတဲ့နောက် အများတွေ အများကြီး မလုပ်ခဲ့ပါဘူး။

ဒါပေမယ့် ဗုဒ္ဓဟူးနေ့ ပဲလေ့စ်နှင့် ရင်ဆိုင်ရတဲ့ ခါရာဘောင်ဖလားပွဲမှာတော့ ဆလော့ဟာ ခြေစွမ်းပျောက်နေတဲ့ကစားသမားများ၊ လူငယ်ကစားသမားများကိုပါသာ အသုံးပြုခဲ့ပြီးတဲ့နောက် အိမ်ကွင်းမှာတင် ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာလိုက်ရပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ ဆလော့ဟာ ဗာဂယ်ဗန်ဒိုက်၊ အီဘရာဟမ်ကိုနာတေး၊ ဒိုမီနစ်ဆိုဘိုဆလိုင်း၊ ကိုဒီဂတ်ပို၊ ဖလိုရီယန်ဝါ့ဇ်၊ မိုဟာမက်ဆာလက်၊ ဟူဂိုအီကီတီကီတို့ကို အသုံးမပြုခဲ့ပါဘူး။

တကယ်တော့ လီဗာပူးဟာ ပြီးခဲ့တဲ့ လေးရာသီမှာ ခါရာဘောင်ဖလား ၂ ကြိမ် ရရှိခဲ့သလို ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဗိုလ်လုပွဲအထိ တက်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။

ဒီတော့ ဒီပြိုင်ပွဲက လီဗာပူးအတွက် အလေးထားစရာ ပြိုင်ပွဲတစ်ခုဆိုတာ သေချာပါတယ်။

အခု ပဲလေ့စ်ကို ရှုံးနိမ့်ပြီးတဲ့နောက်မှာတော့ လီဗာပူးဟာ နောက်ဆုံးပြိုင်ပွဲအရပ်ရပ် ၇ ပွဲမှာ ၆ ပွဲအထိ ရှုံးနိမ့်ထားပြီ ဖြစ်ပါတယ်။

လီဗာပူးဟာ ၁၀ ရက်အတွင်းမှာ ပွဲကြပ်တွေအဖြစ် အက်စတွန်ဗီလာ၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးတို့နှင့် ရင်ဆိုင်ကစားရဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆလော့က "ဒီကလပ်က ဒီပြိုင်ပွဲကို အကယ်ဒမီကစားသမားတွေအတွက်ပဲ အမြဲတမ်းအသုံးပြုလာခဲ့တာပါ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ထင်တယ်(အဓိကကစားသမားများကို အနားပေးထားမှု)။ ရှုံးနိမ့်သွားလို့ ဆိုပြီး ကျွန်တော့်အမြင်ကို ပြောင်းလဲပစ်မှာ မဟုတ်ပါဘူး"လို့‌ ပြောကြားသွားပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာ ပဲလေ့စ်ရှုံးပွဲမှာ ဆယ်ကျော်သက်ကစားသမား ၃ ဦးကို ပွဲထုတ်သွားခဲ့ပြီး စနေနေ့တုန်းက ဘရန့်ဖို့ဒ်အား ၃-၂ ဖြင့် ရှုံးနိမ့်တဲ့ ပွဲစဉ်မှ လူစာရင်းကို ၁၀ ဦးအထိ အပြောင်းအလဲ ပြုလုပ်သွားပါတယ်။

လီဗာပူးတို့ တာထွက်ကောင်းခဲ့ပါတယ်။ ဒါပေမယ့် အစ်မိုင်လီဆားက ပထမပိုင်းပြီးခါနီးမှာ ပဲလေ့စ်အတွက် ၂ ဂိုးသွင်းခဲ့ပါတယ်။ ယင်းနောက် ဒုတိယပိုင်းမှာ အသက် ၁၈ နှစ်အရွယ်ရှိ အမရာနယ်လို အထုတ်ခံရပြီးချိန်မှာတော့ လီဗာပူးတို့ ပြန်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားသို့ ရောက်လာပါတယ်။ ပွဲချိန် ၈၈ မိနစ်မှာ ယီရီမီပီနိုက ပဲလေ့စ်အတွက် တတိယဂိုးသွင်းလာခဲ့ပါတယ်။

ဆက်လက်ပြီး ဆလော့က "ဖရန့်ဖတ်ကို အဝေးကွင်းမှာ သွားကစားပြီး ၂ ရက်အကြာမှာ ဘရန့်ဖို့ဒ်နဲ့ ကစားခဲ့ရတယ်။ ၇ ရက်မှာ ၃ ပွဲကစားရတဲ့အသင်းက ရုန်းကန်ရတာပါပဲ။ ဒါပေမယ့် ဒါက ဆင်ခြေပေးတာတော့ မဟုတ်ပါဘူး။ ရာသီကြိုကာလမှာ ကစားသမားတချို့ ရုန်းကန်ရတာ တွေ့ရတယ်။ ၇ ရက်အတွင်း ၃ ပွဲအဖြစ် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ကစားတာ အချို့အတွက် စိန်ခေါ်မှုအသစ် ဖြစ်နေပါတယ်။ ကျွန်တော်တို့ လူအင်အားက လူတွေ ထင်ထားသလို မကြီးမားပါဘူး။ ဒီတော့ ကျွန်တော်တို့ အပြောင်းအလဲတစ်ခု လုပ်လိုက်ရတာပါ"လို့ ပြောကြားသွားပါတယ်။

image