◾️တောင်ကိုရီးယားရောက်ဒေါ်နယ်ထရန့် ကုန်သွယ်ရေးအကြောင်းအဓိကပြော
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ၎င်း၏အာရှခရီးစဉ် နောက်ဆုံးခရီးတစ်ထောက်အဖြစ် တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိလာပြီး တောင်ကိုရီးယားသမ္မတလီဂျေးမြောင်နှင့် အခွန်အကောက် သဘောတူညီချက်ကို တိုးတက်အောင်လုပ်ဆောင်နိုင်မည်ဟုဆိုသည်။
ယနေ့ခေါင်းဆောင်နှစ်ဦးတွေ့ဆုံချိန်တွင် ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ကိုရီးယားကျွန်းဆွယ်ပေါ်မှ ငြိမ်းချမ်းရေးအကြောင်းကိုဆွေးနွေးသွားကြမည်ဟု တောင်ကိုရီးယားသမ္မတရုံးကထုတ်ပြန်ပြောဆို သည်။
တောင်ကိုရီးယားနှင့်ကုန်သွယ်ရေးသဘောတူညီချက်ကိုလည်း မကြာမီအပြီးသတ်နိုင်မည်ဖြစ်ကြောင်း သမ္မတလီဂျေးမြောင်နှင့်မတွေ့ဆုံမီ အေပက်စီအီးအိုများအစည်းအဝေးတွင် ဒေါ်နယ်ထရန့်က ပြောဆိုခဲ့သေးသည်။
ယနေ့ခရီးစဉ်အတွင်းမှာပင် တောင်ကိုရီးယားသမ္မတက ၎င်းတို့နိုင်ငံ၏ အမြင့်ဆုံးအရပ်ဘက် ဂုဏ်ပြုဆု ဖြစ်သည့် “Grand Order of Mugunghwa” ကို ဒေါ်နယ်ထရန့်အား ချီးမြှင့်သွားမည်ဖြစ်ပြီး ဆီလာမင်း ဆက်လက်ထက်ကအသုံးပြုခဲ့သော ပုံစံတူရွှေသရဖူတစ်ခုကိုပေးအပ်ခဲ့သည်။
ဒေါ်နယ်ထရန့်သည် ယနေ့ညနေပိုင်းတွင်တောင်ကိုရီးယားသမ္မတနှင့် ညစာစားပွဲတက်ရောက်ပြီး မနက်ဖြန်တွင် အခြားခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံမှုများပြုလုပ်ကာ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အစည်းအဝေးပွဲအပြီးတွင် အမေရိကန်သို့ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ သို့သော် အေပက်ခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။
ယခုခရီးစဉ်အပါအဝင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နှင့်တွေ့ဆုံရေး ဒေါ်နယ်ထရန့်က အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း မြောက်ကိုရီးယားထံမှ လူသိရှင်ကြားမှတ်ချက်ထွက်ပေါ် လာခဲ့ခြင်းမရှိပေ။
နျူးကလီးယားလက်နက်များကိုစွန့်လွှတ်ရန် ဝါရှင်တန်က ၎င်းကိုဖိအားပေးခြင်းရပ်တန့်လိုက်ပါက ဆွေးနွေးရန်လမ်းဖွင့်သွားမည်ဟု ကင်ဂျုံအန်က ယခင်ကပြောကြားခဲ့သည်။
မနက်ဖြန်တွင်တရုတ်သမ္မတ နှင့်ဆွေးနွေးရန်ရှိပြီး သမ္မတလေယာဉ် Air Force One ပေါ်တွင် ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှုကို အရေးမလုပ်ခဲ့ဘဲ တရုတ်ခေါင်းဆောင်နှင့် အစည်းအဝေးကို အာရုံစိုက်ထားကြောင်း သတင်းထောက်များအား ပြောကြားသည်။
“တရုတ်နဲ့ဆက်ဆံရေးက အလွန်ကောင်းပါတယ်။ ဆိုတော့ ကျွန်တော်တို့နိုင်ငံနဲ့ကမ္ဘာကြီးအတွက် အလွန်ကောင်းမွန်တဲ့ရလဒ်ထွက်လာလိမ့်မယ်လို့ထင်ပါတယ်” ဟု ထရန့်ကဆိုသည်။
သတင်း - ရဲမင်း
ကိုးကား - Reuters
#နိုင်ငံတကာသတင်း