◾️ကန်အစိုးရလုပ်ငန်းများပြန်ဖွင့်ရန် (၁၃) ကြိမ်မြောက်မဲခွဲမှုတွင်လည်း သဘောတူညီမှုမရ
အမေရိကန်အထက်လွှတ်တော်သည် အစိုးရဘတ်ဂျက်အတည်ပြုရေးနှင့်ပတ်သက်၍ ယမန်နေ့က (၁၃) ကြိမ်မြောက်မဲခွဲခဲ့ကြသော်လည်း အစိုးရလုပ်ငန်းများပြန်ဖွင့်ရန် သဘောတူညီမှုမရခဲ့ကြ ကြောင်း United Press International သတင်းအရသိရသည်။
ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘတ်ဂျက်ချထားပေးရန် ဒီမိုကရက်များကဆက်လက်၍ အခိုင်အမာရပ်တည်နေပြီး ရီပက်ဘလေကန်များကလည်း ယင်းကိစ္စကို ဆက်လက်ဆန့်ကျင်ခဲ့ကြ သည်။ ယင်းနှင့်အတူ အမေရိကန်အစိုးရ ယန္တရားရပ်တန့်နေသည်မှာ ၂၈ ရက်ရှိလာခဲ့ပြီဖြစ်သည်။
အနည်းဆုံးနိုဝင်ဘာ ၂၁ ရက်အထိ အစိုးရလုပ်ငန်းများလည်ပတ်နိုင်ရန် ယာယီငွေကြေးထောက်ပံ့မှု ဥပဒေကြမ်းကို အထက်လွှတ်တော်အမတ်များကထောက်ခံမဲ ၅၄ မဲ၊ ဆန့်ကျင်မဲ ၄၅ မဲ ပေးခဲ့ကြ သည်။ အတည်ဖြစ်ရန် ထောက်ခံမဲ ၆၀ လိုအပ်သည်။ ဒီမိုကရက်အထက်လွှတ်တော် အမတ်သုံးဦးက ရီပက်ဘလေကန်တို့နှင့် ပူးပေါင်းထောက်ခံခဲ့သော်လည်း ဥပဒေကြမ်းကိုအတည်ပြုရန် မလုံလောက်ခဲ့ပေ။
အစိုးရလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး အမေရိကန်၏အကြီးဆုံး အလုပ်သမားသမဂ္ဂက တိုက်တွန်းခဲ့ပြီးနောက် တစ်ရက်အကြာတွင် အထက်လွှတ်တော် မဲခွဲမှုထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်ဖက်ဒရယ်အစိုးရဝန်ထမ်းများ သမဂ္ဂက ဖက်ဒရယ်ဝန်ထမ်းရှစ်သိန်းကို ကိုယ်စားပြု ကြောင်းသိရသည်။
“ပါတီနှစ်ခုစလုံးကသူတို့ပြောချင်တဲ့အချက်ကို ထင်ထင်ရှားရှားပြပြီးပါပြီ။ ဒါပေမယ့်လည်း အဆုံးသတ်ကိုလှမ်းမမြင်ရသေးပါဘူး” အလုပ်သမားသမဂ္ဂဥက္ကဌ အဲဗရက်စ်ကယ်လီက ထုတ်ပြန်ချက်တွင်ပြောကြားသည်။
ရီပက်ဘလေကန်များက ကျန်းမာရေးစောင့်ရှောက်မှုကိစ္စကို စတင်ညှိနှိုင်းကြရမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသားများသည် မိမိတို့ဘဝတစ်လျှောက်လုံးမမြင်ခဲ့ဖူးသော ကျန်းမာရေး စောင့်ရှောက်မှုအကျပ်အတည်းနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်းနှင့် ရီပက်ဘလေကန်များက ယင်းကိစ္စပြုပြင်ရေးကို လုံးဝမပြောကြကြောင်း နယူးယောက်မှ ဒီမိုကရက်အထက်လွှတ်တော် အမတ် ချပ်ရှူးမား ကပြောကြားသည်။
အစိုးရယန္တရားရပ်ဆိုင်းနေသဖြင့် ကန်စစ်တပ်ဝန်ထမ်းများသည် သောကြာလကုန်ရက်တွင် လစာ နှင့် လွှဲချော်ကြမည်ဖြစ်သည်။ ထို့ပြင် ဖြည့်စွက်အာဟာရအကူအညီပေးရေးအစီအစဉ်အရ ပြည်နယ်များသို့ ရန်ပုံငွေများပေးပို့နေခြင်းကို စနေနေ့တွင်ရပ်တန့်လိုက်မည်ဖြစ်ရာ ဆာလောင်နေသူများ စားနပ်ရိက္ခာအကူအညီရတော့မည်မဟုတ်ကြောင်းသိရသည်။
သတင်း - ရဲမင်း
ကိုးကား - UPI
#နိုင်ငံတကာသတင်း