1 ရက် - ဘာသာပြန်ပါ။

ဘရိုက်တန်နှင့် ပွဲစဉ်ကို အာဆင်နယ်နောက်ခံလူဆာလီဘာ လွဲချော်
==================

အာဆင်နယ်ဗဟိုနောက်ခံလူဝီလီယမ်ဆာလီဘာဟာ ယနေ့ညတွင် ဘရိုက်တန်နှင့် ရင်ဆိုင်ကစားရမယ့် ခါရာဘောင်ဖလားစတုတ္ထအဆင့်ပွဲစဉ်ကို လွဲချော်လာပါမယ်။

အသက် ၂၄ နှစ်ရှိ ဗဟိုနောက်ခံလူဟာ တနင်္ဂနွေနေ့တုန်းက ခရစ္စတယ်ပဲလေ့စ်အား အနိုင်ရတဲ့ပွဲစဉ်တွင် ဒဏ်ရာရရှိကာ လူစားလဲခဲ့ရသူ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြအာတီတာဟာ ဆာလီဘာရဲ့ ဒဏ်ရာနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို ပြောကြားရန် ငြင်းဆိုသွားပေမယ့် ဘရိုက်တန်နှင့်ပွဲကို လွဲလာမယ်လို့ ဆိုလာပါတယ်။

ဒါ့အပြင် အာဆင်နယ်နည်းပြက တိုက်စစ်သမားဂါဘရီရယ်မာတင်နယ်လီမှာလည်း ဒဏ်ရာကြောင့် ဘရိုက်တန်နှင့်ပွဲကို လွဲချော်လာနိုင်ကြောင်း ဆိုသွားပါတယ်။

သူဟာ ပဲလေ့စ်နှင့်ပွဲတွင် ဒုတိယပိုင်းမှာ လူစားဝင်ရောက် ကစားခဲ့တာ ဖြစ်ပြီး ပွဲအပြီးတွင် ထော့နင်းထော့နင်းဖြင့် ကွင်းအပြင်သို့ ထွက်ခွာခဲ့ရတာ တွေ့ရပါတယ်။

ဒါပေမယ့် အာဆင်နယ်အတွက် သတင်းကောင်းကတော့ ဘူကာယိုဆာကာ၊ ဒီကလန်ရိုက်နှင့် ရီကာဒိုကာလာဖီအိုရီတို့မှာ ဘရိုက်တန်နှင့်ပွဲတွင် ပါဝင်ကစားလာနိုင်မယ့်အချက် ဖြစ်ပါတယ်။

အာတီတာဟာ ဘရိုက်တန်နှင့်ပွဲကို အလှည့်ကျစနစ် အသုံးပြုကာ ပွဲထုတ်လာဖို့ ရှိနေပြီး ဂိုးသမားကီပါမှာ ပွဲထွက်ခွင့်ရလာနိုင်ပါတယ်။

ဒါ့အပြင် ဆာလီဘာမကစားနိုင်မှုနှင့်အတူ ခရစ္စတီယန်မိုစကွီရာ ထွက်လာဖို့ ရှိသလို လေဗာကူဆင်မှ ပြောင်းလာတဲ့ ပီရိုဟန်ကာပီမှာလည်း ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရလာဖို့ ရှိပါတယ်။

image