ပစိဖိတ်‌သမုဒ္ဒရာမှာ မူးယစ်မှောင်ခို ရေယာဉ်လေးစင်းကို အမေရိကန်တိုက်ခိုက်လို့ ၁၄ ယောက် သေဆုံးပြန်

ပစိဖိတ်သမုဒ္ဒရာမှာ မူးယစ်မှောင်ခိုရေယာဉ်လေးစင်းကို အမေရိကန်တပ်ဖွဲ့တွေက ဗုံးကြဲ တိုက်ခိုက်မှုအတွင်း လူ ၁၄ ယောက် သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ပီဟက်ဆက်က ပြောပါတယ်။

အသက်ရှင်ကျန်တဲ့ တယောက်ကိုတော့ ပစိဖိတ်ကမ်းရိုးတန်းမြို့ အကာပူလ်မှ မိုင်း ၄၀၀ အကွာမှာ မက္ကဆီကို ရေတပ်က ရှာဖွေနေဆဲဖြစ်တယ်လို ထုတ်ပြန်ပါတယ်။ မက္ကဆီကိုသမ္မတကတော့ ဒီတိုက်ခိုက်မှုကို လက်မခံဘူးလို့ ဆိုပါတယ်။

အမေရိကန်အနေနဲ့ နိုင်ငံတကာ စည်းမျဉ်းတွေကို လေးစားသင့်တယ်လို့ တိုက်တွန်းထားပြီး မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး၊ ရေတပ်ကိုယ်စားလှယ်တွေအနေနဲ့ အမေရိကန်သံအမတ်ကြီးနဲ့ တွေ့ဖို့ ညွှန်ကြားထားပါတယ်။

ဒါဟာ ပစိဖိတ်နဲ့ ကာရစ်ဘီယံ‌ဒေသတွေမှာ မူးယစ်ဆေးဝါး သယ်ဆောင်နေတယ်လို့ သံသယရှိတဲ့ ရေယာဉ်တွေကို အမေရိကန်ရဲ့ နောက်ဆုံး တိုက်ခိုက်မှုတခုလည်း ဖြစ်ပါတယ်။

တိုက်ခိုက်ခဲ့တဲ့ ရေယာဉ်လေးစင်းဟာ မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်းတွေတလျှောက် ရွေ့လျားသွားလာပြီး မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတာကို ထောက်လှမ်းရေးအဖွဲံ သိရှိထားတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

မကြာသေးမီ ကာလတွေအတွင်း မူးယစ်မှောင်ခိုရေယာဉ်တွေကို အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအတွင်း အနည်းဆုံး လူ ၅၇ ယောက်သေဆုံးခဲ့ပြီး အမေရိကန်နဲ့ ကိုလံဘီယာ၊ ဗင်နီဇွဲလားအစိုးရတွေအကြား တင်းမာမှုများ မြင့်တက်လာစေခဲ့ပါတယ်။
အများစုက တောင်အမေရိကကမ်းရိုးတန်း၊ ကာရစ်ဘီယံမှာ ဖြစ်ပွားခဲ့ပေမယ့် မကြာသေးမီက ပစိဖိတ်သမုဒ္ဒရာမှာလည်း အမေရိကန်က တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ ဒေသတွင်း ရှုတ်ချမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ကျွမ်းကျင်သူတွေကတော့ ဒီလုပ်ရပ်ရဲ့ တရားဝင်မှုကို မေးခွန်းထုတ်နေကြပါတယ်။ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန်တွေ ပါဝင်တဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်တွေကလည်း စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ခဲ့ပြီး ဒီကိစ္စကို အမိန့်ပေးဖို့ သမ္မတထရန့်ရဲ့ အခွင့်အာဏာကို မေးခွန်းထုတ်နေကြပါတယ်။

image