◾️ထိုင်ဝမ်အရေးပြန်လည်ပေါင်းစည်းနိုင်ရန် အင်အားအသုံးပြုမည့်မူ ဆက်လက်ကိုင်စွဲထားမည်ဟုတရုတ်ပြော
ထိုင်ဝမ်ကို တရုတ်က ၎င်းတို့၏ကိုယ်ပိုင်နယ်မြေအဖြစ်သဘောထားသကဲ့သို့ ပြန်လည်ပေါင်းစည်းနိုင်ရန် အင်အားသုံးမည့်အရေးကို မည်သည့်အချိန်ကမှ စွန့်လွှတ်ခဲ့ခြင်းမရှိကြောင်း တရုတ်အစိုးရအစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့ပြောကြားလိုက်သည်။
သို့သော်ယင်းမူဝါဒကို လူသိရှင်ကြားတိုက်ရိုက်မကြာခဏပြောကြားလေ့မရှိသကဲ့သို့ ထိုင်ဝမ်နှင့် ပတ်သက်၍ အစိုးရဆင်ဟွာသတင်းဌာနက ယခုသီတင်းပတ်အတွင်းတင်ပြခဲ့သည့် ဝေဖန်သုံးသပ်မှုသုံးခုတွင်လည်း မဖော်ပြထားပေ။
သုံးသပ်ချက်တစ်ခုတွင် ပြန်လည်ပေါင်းစည်းပြီးနောက် မျိုးချစ်များက ထိုင်ဝမ်ကိုအုပ်ချုပ်နိုင်မည့်အကြောင်းနှင့် ထိုင်ဝမ်၏လက်ရှိလူမှုရေးစနစ်နှင့် နေထိုင်မှုပုံစံတို့ကို လေးစားသွားမည်ဖြစ်ကြောင်းပင်ဖော်ပြခဲ့သည်။
တစ်နိုင်ငံ၊ စနစ်နှစ်မျိုးပုံစံအရ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးသည် ထိုင်ဝမ်အရေးဖြေရှင်းရာတွင် အခြေခံကျသောချဉ်းကပ်မှုဖြစ်သည်ဟု တရုတ်နိုင်ငံ၏ထိုင်ဝမ်ရေးရာဌာနပြောရေးဆိုခွင့်ရှိသူ ပန်ကင်ဂျန်က ပေကျင်းမြို့တွင်ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးအတွက် လုံလောက်သောနေရာလွတ်များဖန်တီးသွားရန် မိမိတို့က စိတ်အားထန်သန်ပါကြောင်း၊ ထိုကဲ့သို့ဖြစ်နိုင်ခြေအတွက်လည်း စိတ်ရင်းစေတနာဖြင့် မချွင်းမချန် အားထုတ်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း အင်အားအသုံးပြုနိုင်ခြေကိုလည်း မိမိတို့က လုံးဝ စွန့်လွှတ်သွားမည်မဟုတ်သကဲ့သို့ လိုအပ်သောအတိုင်းအတာအားလုံးလုပ်ဆောင်ပိုင်ခွင့်ကိုလည်း ရယူထားပါကြောင်း၎င်းကဆက်ပြောသည်။
ထိုင်ဝမ်မူဝါဒနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ထိပ်တန်းအရာရှိကြီးဖြစ်ပြီး အာဏရကွန်မြူနစ်ပါတီ၏ စတုတ္ထအကြီးအကဲဖြစ်သူ ဝမ်ဟူနင်းက စနေနေ့ကမူဝါဒဆိုင်ရာအဓိကမိန့်ခွန်းတစ်ရပ် ပြောကြားရာ တွင် အင်အားသုံးမည့်အကြောင်းကိုမပြောခဲ့ဘဲ ယင်းအစားပြန်လည်ပေါင်းစည်းခြင်းဖြင့် နှစ်ဖက်စလုံး မည်သို့အကျိုးဖြစ်ထွန်းကြမည်ကို ဦးစားပေးပြောကြားခဲ့သည်။
ထိုင်ဝမ်၏မည်သည့်နိုင်ငံရေးပါတီကြီးကမှမထောက်ခံဘဲ တိုင်ပေမှအစိုးရကလည်း အကြိမ်ကြိမ်ရှုတ်ချ ထားသည့်ထိုင်ဝမ်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေကျင်း၏ အသစ်တစ်ဖန်တွန်းအားပေးမှုသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှိကျင့်ဖျင်တို့ ကြာသာပတေးနေ့တွေ့ဆုံမှုမတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။
ထရန့်ကိုယ်တိုင်ကမူ၎င်းအနေဖြင့် ထိုင်ဝမ်အရေးကို ရှီကျင့်ဖျင်နှင့်ဆွေးနွေးဖြစ်မလားဆိုသည်ကိုပင် မသိကြောင်း ယနေ့ပြောကြားသည်။ထိုင်ဝမ်အစိုးရကမူ ပေကျင်း၏အချုပ်အခြာပိုင်စိုးကြောင်း ပြောကြားမှုများကိုပယ်ချသည်။
တရုတ်၏ မျိုးချစ်များအုပ်ချုပ်သော စံနမူနာများသည် ဟောင်ကောင်နှင့်မကာအိုတွင် ပေကျင်းကအသုံးပြုခဲ့သော ပုံစံများဖြစ်ပြီး ထိုင်ဝမ်တွင်ဈေးကွက်မရှိကြောင်း ထိုင်ဝမ်အမျိုးသားလုံခြုံရေးဗျူရို ညွှန်ကြားရေးမှူးချုပ် ဆိုင်မင်ယင်းက ဗုဒ္ဓဟူးနေ့အစောပိုင်းကပြောကြားသည်။
ရည်ရွယ်ချက်မှာ ထိုင်ဝမ်၏နိုင်ငံတကာရပ်တည်မှုကို သေးသိမ်အောင်လုပ်ပြီး ဟောင်ကောင်ပုံစံ၊ မကာအိုပုံစံသွတ်သွင်းရန်၊ ထိုင်ဝမ်အချုပ်အခြာအာဏာကိုဖယ်ရှားရှင်းလင်းရေး နိုင်ငံရေးရည်မှန်းချက် အောင်မြင်ရေးဖြစ်ပြီး ၎င်းတို့မှာတရုတ်ကွန်မြူနစ်ပါတီက လုပ်ဆောင်ရန်ကြိုးစားနေသော အရာများ ဖြစ်ကြောင်း ဆိုင်ယင်မင်းကဆက်ပြောသည်။
တရုတ်အစိုးရက လက်ရှိထိုင်ဝမ်သမ္မတလိုင်ချင်တီကို စကားပြောဆိုဆွေးနွေးရန်ငြင်းဆန်ပြီး ၎င်းအားခွဲထွက်ရေး သမားဟုကင်ပွန်းတပ်ထားသည်။
သတင်း - ရဲမင်း
ကိုးကား - By Reuters
#နိုင်ငံတကာသတင်း