သွင်းကုန်ကုမ္ပဏီများအား ဒေါ်လာ ၁ ဒသမ ၂ သန်းကျော် ရောင်းချ
---------------
စားသုံးဆီနဲ့စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းကျော် အောက်တိုဘာ ၂၇ ရက်က ရောင်းချပေးခဲ့တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁ သန်းကျော်ကို စားသုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေကို ရောင်းချပေးခဲ့တာဖြစ်ပြီး စက်သုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေကို အမေရိကန်ဒေါ်လာ ၂ သိန်း ၉ သောင်း ရောင်းချပေးခဲ့တာပါ။
ဗဟိုဘဏ်က စားသုံးဆီ တင်သွင်းတဲ့လုပ်ငန်းတွေအတွက် စားသုံးဆီ တင်သွင်းတဲ့ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် ငွေလဲနှုန်း အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၁၀၀ နှုန်းနဲ့ ရောင်းချပေးပြီး ကျန်တဲ့ ၆၅ ရာခိုင်နှုန်းကိုလည်း Online Trading Platform မှာ ဗဟိုဘဏ် ငွေလဲနှုန်းအတိုင်း ရောင်းပေးနေတယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောပါတယ်။
FX Trading မှာ အောက်တိုဘာ ၂၇ ရက်က ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့်ဆေးဝါး ကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ တိရစ္ဆာန် အစာ၊ ထုပ်ပိုးပစ္စည်း၊ သံမဏိ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်းနဲ့ စားသုံးကုန်စည်တင်သွင်းတဲ့ သွင်းကုန်လုပ်ငန်းရှင်တွေဆီကနေ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့တယ်လို့ သိရပါတယ်။
ဗဟိုဘဏ်ရဲ့ FX Trading Platform မှာ အောက်တိုဘာ ၂၇ ရက်က နိုင်ငံခြားငွေလဲနှုန်းဟာ အမေရိကန်တစ် ဒေါ်လာကို ၃၆၄၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၁၂၄ ကျပ်၊ တရုတ်ငွေ တစ်ယွမ်ကို ၅၅၆ ကျပ်နဲ့ သတ်မှတ်ရောင်း ဝယ်ခဲ့ပါတယ်။