တောင်ကြီးမှာ မီးပုံးပျံအတွက် ယမ်းစပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး တယောက်သေပြီး နှစ်ယောက်ဒဏ်ရာရ
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ ဖာမွန်းကျေးရွာအုပ်စု ၊ဒုံခါးရားရွာမှာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းက ယမ်းစပ်တဲ့နေအိမ်မှာ ယမ်းပေါက်ကွဲပြီး တယောက်သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
" ပန်သခွားရွာနားမှာဖြစ်တာပါ။ ပေါက်ကွဲနေတာတအုန်းအုန်းနဲ့ ကြားရတယ်။တယောက်သေတယ်။လူနာတင်ကားတွေရော မီးသတ်ကားတွေရော လာကြတယ်။သေတဲ့သူက အနားကကွမ်းယာဆိုင်ကလို့သိရတယ်။ " လို့ ပန်သခွား ဒေသခံကပြောပါတယ်။
ယမ်းပေါက်ကွဲမှုဖြစ်ပွားရာ နေအိမ်ကို မီးသတ်တပ်ဖွဲ့ ၊ ကြက်ခြေနီတပ်ဖွဲ့တို့ရောက်ရှိကာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတို့ကိုတော့ စဝ်စံထွန်းဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
" ယမ်းစပ်တဲ့အိမ်မှာပေါက်ကွဲတာပါ။ယမ်းခွေအတွက် ယမ်းစပ်နေချိန် ဖြစ်သွားတာပါ။အမျိုးသမီးတယောက်သေပြီး အမျိုးသားနှစ်ယောက် ဒဏ်ရာရပါတယ်။ဒဏ်ရာရတဲ့ အမျိုးသားနှစ်ယောက်က ယမ်းစပ်တဲ့သူတွေပါ ။ ဒဏ်ရာက စိုးရိမ်စရာမရှိပါဘူး။ " လို့ တောင်ကြီးမြို့နယ် မီးသတ်ဌာနမှ တာဝန်ရှိသူကပြောပါတယ်။
အရင်က ကျင်းပခဲ့တဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလတွေမှာလည်း ယခုလိုပဲ မတော်တဆ ယမ်းပေါက်ကွဲမှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အောက်တိုဘာ ၂၉ ရက် မှ နိုဝင်ဘာ ၄ ရက် နေ့အထိ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ပွဲတော်ရက်အတွင်းမှာ ခြေနှစ်ချောင်း၊ ခြေလေးချောင်း ၊ အရုပ်အုပ်စုမီးပုံးပျံတွေ နဲ့ ညမီးကြီး မီးပုံးပျံ ၊ စိန်နားပန် မီးပုံးပျံတွေ ကို လွှတ်တင်သွားမှာဖြစ်တယ်လို့သိရပါတယ်။
မီးပုံးပျံပွဲတော်မှာ မီးပုံးပျံ ၄၃၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သွား မှာဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ မီးပုံးပျံ နေ့လွှတ် အရုပ်ပေါင်း အလုံး ၃၀ ကို စတင် လွှတ်တင်ခဲ့တယ်လို့သိရပါတယ်။
ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလအတွက် တောင်ကြီးကို သွားရောက်လည်ပတ်မယ့်သူများပြားတာကြောင့် တောင်ကြီးမြို့ရှိ ဟိုတယ် ၊ တည်းခိုခန်းနဲ့ မိုတယ် အခန်းအားလုံးပြည့်နေသလို ဘုန်းကြီးကျောင်းတွေပင် ပြည့်နေတဲ့အတွက် ကလော ၊ ဟိုပုံး မြို့နယ်တွေမှာ တည်းခိုပြီး တောင်ကြီးတန်ဆောင်တိုင်ကို လည်ပတ်မယ့်သူတွေပင်ရှိနေတယ်လို့သိရပါတယ်။