ကျွန်တော်တို့ မကြာခဏ စားသုံးလေ့ရှိသောကြက်ဟင်းခါးသီးသည် အလွန်ဆေးဖက်ဝင်သော ဟင်းသီးတစ်မျိုး ဖြစ်သည်။ ဆေးဖက်အဝင်ဆုံးမှာ တောကြက်ဟင်းခါးသီးဖြစ်ပြီး အရသာအလွန်ခါးပါသည်။ ဒုတိယမှာ ကျွန်တော်တို့ဈေးတွင် ဝယ်စားနေကျဖြစ်သည့် မြန်မာကြက်ဟင်းခါးသီး ဖြစ်သည်။ ထိုင်ဝမ်ကြက်ဟင်းခါးသီး ဟုခေါ်သော ဘို့များပြောင်ချောနေသည့် ကြက်ဟင်းခါးသီးမျိုးမှာ အသားများပြီး ဟင်းချက်စား ရာတွင် ကောင်းသော်လည်း ဆေးဖက်ဝင်သည့် အခါးဓာတ်များ အနည်းငယ်သာ ပါဝင်ပါသည်။
ကြက်ဟင်းခါးသီး နှင့် ဆီးချိုသွေးချိုရောဂါ
--------------------------------------
ကြက်ဟင်းခါးသီးတွင် ပါဝင်သော အခါးဓာတ်နှင့် အဖန်ဓာတ်များသည် သွေးထဲရှိ ဂလူးကို့စ်သကြားဓာတ်ကို ကျစေနိုင်သည့် အာနိသင်ရှိပါသည်။ ဆီးချိုရောဂါဝေဒနာရှင်များသည် တစ်နေ့လျှင် ကြက်ဟင်းခါးသီး အနေတော်တစ်လုံး၏ လေးပုံပုံ တစ်ပုံခန့်နှင့် တစ်ပတ်ကို နှစ်လုံးခန့် စားသုံးသင့်သည်။ ဆေးအနေနှင့် လိုအပ်သော ပမာဏ အတိအကျမှာ တစ်နေ့လျှင် ကြက်ဟင်းခါးသီး အခြောက်မှုန့် ၃ ဂရမ်ခန့် လိုအပ်ပါသည်။ ခေတ်သစ်ဆေးပညာတစ်ခုဖြစ်သော အပင်များကိုလေ့လာသည့် ဓာတုဗေဒ (Phytochemistry) အရ ကြက်ဟင်းခါးသီးတွင် ဂလူးကို့စ်ကျစေနိုင်သည့် ဓာတ်ပစ္စည်း (၃) မျိုး ပါဝင်ပါသည်။
(၁) ချာရတင် (𝐂𝐡𝐚𝐫𝐚𝐧𝐭𝐢𝐧)
ချာရတင်သည် စပိုနင် (Saponin) အမျိုးအစားဖြစ်ပြီး ရေနှင့်ဆေးလျှင် အမြှုပ်ထွက်စေသည့် ပစ္စည်းဖြစ်သည်။ စပိုနင်တည်ဆောက်ပုံကို အသေးစိတ်လေ့လာရာတွင် ယင်းသည် ထရွိုင်တာပီနွိုက် ဂလိုင်ကိုဆိုက် (Triterpenoid glycoside) အမျိုးအစား ဖြစ်သည့်အတွက် ဂလူးကို့စ်မော်လီကျူးများကို ဖမ်းနိုင်သည့်လက်တံများ ပါရှိပါသည်။ ကြက်ဟင်းခါးသီးကို ထမင်း၊ မုန့်ဟင်းခါး စသည်တို့နှင့် တွဲစားလျှင် ချေဖျက်ပြီးနောက် ရရှိလာသည့် ဂလူးကို့စ်များကို ချာရတင်၏လက်တံများက ဖမ်းထားလိုက်သောကြောင့် အူနံရံမှစုပ်ယူနိုင်မှု လျော့နည်းသွားပါသည်။ ထို့ကြောင့် ဂလူးကို့စ်များသည် သွေးထဲသို့ ပမာဏအများအပြား ရောက်မလာသည့်အတွက် ဆီးချိုဝေဒနာရှင်များအတွက် များစွာအကျိုးရှိပါသည်။
(၂) အယ်ကာလွိုက် (𝐀𝐥𝐤𝐚𝐥𝐨𝐢𝐝)
အယ်ကာလွိုက်များသည် ရေတွင်ပျော်ဝင်သော အခါးဓာတ်များ ဖြစ်သည်။ ယင်းသည် အူနံရံမှစုပ်ယူပြီး သွေးထဲသို့ရောက်သွားလျှင် ပန်ကရိယဂလင်း (Pancreas gland) တွင်ရှိသော အင်ဆူလင်ဟော်မုန်းများ ထုတ်ပေးသည့် ဘီတာဆဲလ်လေးများကို ကျန်းမာကြံ့ခိုင်စေရန် ပြုလုပ်ပေးပါသည်။
(၃) ပေါ်လီပပ်တိုက်-ပီ (𝐏𝐨𝐥𝐲𝐩𝐞𝐩𝐭𝐢𝐝𝐞-𝐏)
ယင်းသည် အင်ဆူလင်နှင့် အလားတူသည့် မော်လီကျူးဖြစ်သောကြောင့် အပင်မှရသော အင်ဆူလင် (Plant insulin) ဟု တင်စားခေါ်ဝေါ်ကြသည်။ ပီ-အင်ဆူလင် (P-insulin) ဟုလည်း အတိုကောက်ခေါ်လေ့ရှိသည်။ အင်ဆူလင်ကဲ့သို့ အာနိသင်ရှိသည့်အတွက် သွေးထဲတွင်ရှိသော သကြားဓာတ်ကို ခန္ဓာကိုယ် တစ်သျှူးများအတွင်း ဝင်စေရန် လှုံ့ဆော်ပေးပါသည်။ အမေရိကန်ပြည်ထောင်စု၌ နွား၊ ဝက် အစရှိသည့် တိရစ္ဆာန်များမှ ထုတ်လုပ်သည့် အင်ဆူလင်နေရာတွင် စနစ်တကျ သီးခြားထုတ်ယူထားသော ပီ-အင်ဆူလင်ကို အစားထိုးပြီး စတင်အသုံးပြု လျက်ရှိသည်။ ထို့ကြောင့် ဆီးချိုသမားများသည် ကြက်ဟင်းခါးသီးကိုစားလျှင် များစွာအကျိုးရှိပါသည်။
ကြက်ဟင်းခါးသီးတွင် ပါဝင်သော ယင်းဆေးဖက်ဝင် ဓာတ်ပစ္စည်းများသည် 80°C ထက်ကျော်၍ အပူပေးလျှင် ပျက်စီးကုန်ပါသည်။ ရေဆူမှတ်သည် 100°C ရှိသဖြင့် ဟင်းထဲထည့်ချက်လျှင် အာနိသင် မရရှိနိုင်သောကြောင့် ရိုးရိုးဟင်းလျာအနေဖြင့်သာ စားသုံးနိုင်ပါမည်။ ကြက်ဟင်းခါးသီးကို အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာကဲ့သို့ဖြစ်စေ၊ အပူချိန်နည်းနည်းဖြင့် အစိမ်းကြော်ကဲ့သို့ ကြော်၍ဖြစ်စေ စားသုံးမှသာ ဆေးဖက်ဝင်အာနိသင် ရရှိမည်ဖြစ်သည်။
Note --- ကြက်ဟင်းခါးသီးစားလျှင် အကြောတက်ခြင်းနှင့် သွေးပေါင်ချိန်တက်ခြင်းတို့ မဖြစ်ပွားစေရန် အစေ့နှင့် အစေ့အညှာတိုင်များကို ဖယ်ပြီး အသားချည်းသာ စားသင့်ပါသည်။

image