◾️ဂျပန်ထံမှ မြေရှားအပါအဝင် ရှားပါးသတ္တုများဝယ်ရန် ဒေါ်နယ်ထရန့်နှင့် ဂျပန်ဝန်ကြီးချုပ်သစ်တို့ သဘောတူလက်မှတ်ရေးထိုး
အမေရိကန်နှင့် ဂျပန် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် မြေရှားသတ္တုအပါအဝင် ရှားပါးသတ္တုများဝယ်ယူရေး သဘောတူညီချက်များကို အမေရိကန်သမ္မတဒေါ်နယ်ထရန်နှင့် ဂျပန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဆာနာအဲတာကာအိချိတို့ တိုကျိုမြို့၌ ယနေ့ လက်မှတ်ရေးထိုးခဲ့ကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂျပန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာသည့် ဆာနာအဲတာ ကာအိချိကို ချီးကျူးစကားဆိုခဲ့သကဲ့သို့ စစ်‌ရေးတည်ဆောက်မည့် တိုးမြှင့်လုပ်ဆောင်မှု ကတိကဝတ် ကို ကြိုဆိုကြောင်းလည်း ပြောဆိုသည်။
“ရှင်ဇိုအာဘေးနဲ့ တခြားခေါင်း‌ဆောင်တွေထံက ကျွန်တော်သိခဲ့ရသမျှဆိုရင် ခင်ဗျားဟာကြီးကျယ်တဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်လာမှာပါ။ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်တာကိုလည်း ချီးကျူးဂုဏ်ပြု ပါတယ်။ တကယ်ကိုကြီးကျယ်ပါတယ်” ဟု ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့များနှင့် စတင်ဆွေးနွေးချိန် ဒေါ်နယ်ထရန့်က ဆိုသည်။
ယခုနှစ်အတွင်း သဘောတူညီခဲ့သော ကန်ဒေါ်လာ ၅၅၀ ဘီလီယံ သဘောတူညီချက်အရ ဂျပန်ဝန်ကြီးချုပ်သစ်က အမေရိကန်တွင် ရင်းနှီးမြုပ်နှံမည့် အစီအစဉ်များကို ထရန့်အား ကမ်းလှမ်း သွားမည်ဟုမျှော်လင့်ရပြီး ယင်းတွင် သင်္ဘောတည်ဆောက်ခြင်း၊ အမေရိကန်မှပဲပိစပ်များ၊ သဘာဝဓာတ်ငွေ့နှင့် ပစ်ကပ်ထရပ်များ ပိုမိုဝယ်ယူရေးတို့လည်းပါဝင်မည်ဖြစ်သည်။
စမတ်ဖုန်းများမှ တိုက်လေယာဉ်များအထိ ထုတ်ကုန်များအတွက် မရှိမဖြစ်အရေးပါ သော တွင်းထွက်ပစ္စည်းများကို တရုတ်က ချုပ်ကိုင်ထားခြင်းကို တန်ပြန်ရန်နှင့် ၎င်းအပေါ် အားကိုးနေရမှုကိုလျော့ချရန် မြေရှားသတ္တုအပါအဝင် အရေးပါသော သတ္တုများ ထောက်ပံ့နိုင်ရေးအတွက်လည်း နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။
တိုကျိုမြို့လယ်ရှိ အကာဆာကာနန်းတော်၌ နှစ်ဦးသားဓာတ်ပုံအရိုက်ခံခဲ့ကြစဉ် ထရန့်က “အလွန်ခိုင်မာလှတဲ့ လက်ဆွဲနှုတ်ဆက်မှုဖြစ်ပါတယ်” ဟု ပြောကြားသည်။
အမေရိကန်လုပ်ကာကွယ်ရေးပစ္စည်းများအား ပိုမိုဝယ်ယူရန် ဂျပန်၏ ကြိုးပမ်းမှုကို ထရန့်က ချီးကျူးခဲ့သကဲ့သို့ တာကာအိချိကလည်း ထိုင်းနှင့် ကမ္ဘောဒီးယားကြားက အပစ်အခတ်ရပ်စဲမှု၊ အစ္စရေးနှင့် ဟားမားစ်အဖွဲ့ကြားက အပစ်ရပ်စဲမှုမှ ထရန့်၏အခန်းကဏ္ဍကိုချီးကျူးခဲ့ကာ ယခင်က မရှိခဲ့ဖူးသော စွမ်းဆောင်မှုများဟု ပြောဆိုသည်။
တာကာအိချိက အခြားကမ္ဘာ့‌ခေါင်းဆောင်များကဲ့သို့ပင် ဒေါ်နယ်ထရန့်တောင့်တနေသော နိုဘယ် ငြိမ်းချမ်းရေးဆု အတွက် ၎င်းအားထောက်ခံချက်ပေးခဲ့သလို ယင်းဆုနှင့် ထရန့် ထိုက်တန်ကြောင်းကြောင်း၊ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းပေးသွားမည် ဖြစ်ကြောင်းလည်း ပြောသည်။
ရှင်ဇိုအာဘေးအသုံးပြုခဲ့သော ကျင်းစိမ်သည့်ဂေါက်တံ၊ ဂျပန်နာမည်ကျော် ဂေါက်သီးကစားသမား မတ်ဆူယာမာ လက်မှတ်ရေးထိုးထားသော ဂေါက်အိတ်နှင့် ရွှေစက္ကူဂေါက်သီးလုံးတို့ကိုလည်း မစ္စက်တာကာအိချိက ထရန့်အား လက်ဆောင်ပေးခဲ့ကြောင်းသိရသည်။
အမေရိကန်ခေါင်း‌ဆောင်သည် ယမန်နေ့ကစတင်ခဲ့သော ဂျပန်ခရီးစဉ်တွင် ဂျပန်ဧကရာစ် နာရူဟီတိုကို လည်း နန်းတော်တွင် တွေ့ဆုံခဲ့သည်။
သတင်း - ရဲမင်း
ကိုးကား - Reuters
#နိုင်ငံတကာသတင်း

image