ဗီလာနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလာတဲ့ မတ်တီကတ်ရှ်
=========================
အက်စတွန်ဗီလာနောက်ခံလူမတ်တီကတ်ရှ်ဟာ အသင်းတွင် ၂၀၂၉ ခုနှစ်အထိ ရှိနေမယ့် သုံးနှစ်ခွဲစာချုပ်သစ်အား ချုပ်ဆိုလာပါတယ်။
ပိုလန်လက်ရွေးစင်ကစားသမားဟာ ၂၀၂၀ ခုနှစ်တွင် နော်တင်ဟမ်ဖောရက်စ်မှ ပြောင်းလာပြီးနောက် ကလပ်အတွက် ပွဲ ၁၉၃ ပွဲကစားထားသူ ဖြစ်ပါတယ်။
သူ့ရဲ့ ယခင်စာချုပ်မှာ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမှာ ဖြစ်ပါတယ်။ သူဟာ တနင်္ဂနွေနေ့တုန်းက မန်စီးတီးကို ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုး သွင်းယူလိုက်ပြီးတဲ့နောက် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုလာတာပါ။
အသက် ၂၈ နှစ်ရှိ ကတ်ရှ်ဟာ ပိုလန်မိခင်မှ မွေးဖွားလာသူ ဖြစ်ပြီး ဗီလာနှင့် ပိုလန်တို့တွင် အရေးပါတဲ့ ညာနောက်ခံလူအဖြစ် ကစားနေသူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်တွင် ပိုလန်အတွက် ပထမဆုံးပွဲ ကစားခဲ့တာ ဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားတွင်လည်း ပါဝင်ကစားခဲ့ပါတယ်။