နာပိုလီ-အင်တာပွဲစဉ်တွင် အမှားများစွာ ပြုလုပ်ခဲ့တဲ့ ဒိုင်လူကြီး စီးရီးအေမှ တန်းချခံလာရ
===================
ဒိုင်လူကြီးမူရီဇီယိုမာရီယာနီဟာ နာပိုလီနှင့် အင်တာမီလန်ပွဲစဉ်တွင် ဆုံးဖြတ်ချက်အမှားများ ပြုလုပ်မှုကြောင့် စီးရီးအေမှ တန်းချကာ အရေးယူခြင်းခံလာရပါတယ်။
မာရီယာနီနှင့် လက်ထောက်ဒိုင်တို့ဟာ နာပိုလီက အင်တာမီလန်ကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် အငြင်းပွားဖွယ်ပင်နယ်တီပေးခဲ့တဲ့အပြင် လက်ထိဘောဖြစ်မှုကိုလည်း မသိလိုက်မှုတို့ကြောင့် အရေးယူခြင်းခံလာရတာ ဖြစ်ပါတယ်။
ယခုအခါ ၎င်းတို့ဟာ စီးရီးအေဒိုင်လူကြီးရာထူးမှ ဖယ်ရှားခြင်းခံလာရပြီး စီးရီးဘီတွင် တာဝန်
ထမ်းဆောင်လာရတော့မှာလည်း ဖြစ်ပါတယ်။
Corriere dello Sport ရဲ့ဖော်ပြလာမှုအရ ဒိုင်အကြီးအကဲ ဂျီယန်လူကာရိုချီဟာ ယင်းပွဲစဉ်မှ မာရီယာနီနှင့် လက်ထောက်ဒိုင် ဒါနီလီဘန်ဒိုနီတို့ရဲ့ စွမ်းဆောင်ရည်အပေါ် အကြီးအကျယ် ဒေါသထွက်ကာ ယခုကဲ့သို့ တန်းချရန် ဆုံးဖြတ်လာခြင်း ဖြစ်ကြောင်း သိရပါတယ်။
မာရီယာနီဟာ ယင်းပွဲရဲ့ ၃၃ မိနစ်တွင် အနည်းငယ်သာ ထိမိမှုအတွက် အငြင်းပွားဖွယ်ပင်နယ်တီပေးမှုကြောင့် ရိုချီရဲ့ ဒေါသထွက်ခြင်းခံခဲ့ရတာပါ။ ယင်းအဖြစ်အပျက်ကို ဒိုင်အများစုက ပင်နယ်တီမပေးကြပါဘူး။
တဖက်တွင် လက်ထောက်ဒိုင်ဘန်ဒိုနီဟာ ယင်းအဖြစ်အပျက်ဖြစ်ပြီး ၈ စက္ကန့်အကြာတွင်မှ ပြစ်ဒဏ်ဘောအလံထောင်ခဲ့ပါတယ်။ ဒါ့အပြင် ယင်းအဖြစ်အပျက်တွင် VAR က ကြားဝင် ပါဝင်ခဲ့ခြင်းလည်း မရှိပါဘူး။
ယင်းပင်နယ်တီကို ကီဗင်ဒီဘရိုင်းက ကန်သွင်းကာ နာပိုလီအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
ဒါ့အပြင် မာရီယာနီဟာ ယင်းပွဲတွင် အင်တာမီလန်တို့ နစ်နာစေမယ့် နောက်ဆုံးဆုံးဖြတ်ချက်တစ်ခုကိုလည်း ချခဲ့ပါသေးတယ်။
ယင်းပွဲတွင် နာပိုလီရဲ့ အလက်ဇန္ဒရိုဘူအွန်ဂီယိုနို လက်ထိဘောဖြစ်ခဲ့ပေမယ့်လည်း ပင်နယ်တီမပေးခဲ့တာပါ။
ယခုအခါ အမျိုးသားဒိုင်လူကြီးကော်မရှင်က ယင်းပွဲမှ အဖြစ်အပျက်များကို ပြန်လည်သုံးသပ်မှုများပြုလုပ်ပြီးနောက် ဒိုင်လူကြီးနှင့် လက်ထောက်တို့အား တန်းချရန် ဆုံးဖြတ်လာပြီ ဖြစ်ပါတယ်။
မာရီယာနီဟာ ယခုရာသီတွင် စီးရီးအေပွဲ ၂ ပွဲတည်းသာ ကိုင်တွယ်ခွင့်ရထားသူ ဖြစ်ပြီး ကြားရက်ပွဲစဉ်များတွင် ကြီးကြပ်ခွင့်ရလာတော့မှာ မဟုတ်ပါဘူး။
သူဟာ စီးရီးအေပွဲစဉ် ၁၀ တွင်လည်း တာဝန်ထမ်းဆောင်ခွင့်ရလာမှာ မဟုတ်ပါဘူး။ အီတလီမီဒီယာများက သူဟာ စီးရီးဘီသို့ တန်းချခြင်း (သို့မဟုတ်) VAR ဒိုင်အဖြစ်သာ တာဝန်ထမ်းဆောင်လာရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။