ရာပေါင်းများစွာသော တူရကီဒိုင်လူကြီးများ လောင်းကစားအကောင့်များ ဖွင့်လှစ်ထားကြောင်း စုံစမ်းတွေ့ရှိ
====================
တူရကီဘောလုံးအဖွဲ့ချုပ်က ရာပေါင်းများစွာသော ပရော်ဖက်ရှင်နယ်ပွဲ ဒိုင်များတွင် လောင်းကစားအကောင့်များ ဖွင့်လှစ်ထားကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိရပြီးနောက် အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း ကြေညာလာပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်ဟာ ငါးနှစ်ကြာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ်အတွင်း ဒိုင်လူကြီး ၅၇၁ ဦးတွင် ၃၇၁ ဦးတို့မှာ လောင်းကစားအကောင့်များ ဖွင့်လှစ်ထားကြောင်း တွေ့ရှိခဲ့ရပြီး ယင်းမှ အကောင့် ၁၅၂ ခုတို့မှာ လောင်းကစားပြုလုပ်နေဆဲ အကောင့်များ ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
ယင်းမှ အကောင့်အချို့တို့မှာ လောင်းကစားမှု ၁ ကြိမ်တည်းသာ ပြုလုပ်ထားသေးပြီး အကောင့် ၄၂ ခုတို့မှာ ဘောလုံးပွဲ ၁၀၀၀ အထက် လောင်းကစားပြုလုပ်ထားကြောင်း တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အကောင့်တစ်ခုမှာ လောင်းကစားမှု ၁၈၂၂၇ ကြိမ်အထိ ပြုလုပ်ထားကြောင်း တွေ့ရပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်ဟာ ဒိုင်လူကြီးများရဲ့ အမည်ကိုတော့ ထုတ်ပြန်ကြေညာလာခြင်း မရှိပါဘူး။ ဒါပေမယ့် ယင်းအထဲတွင် တူရကီ ထိပ်တန်းအဆင့်မြင့်လိဂ် ၂ ခုမှ ဒိုင်လူကြီး ၇ ဦးနှင့် လက်ထောက်ဒိုင်လူကြီး ၁၅ ဦး ပါဝင်နေကြောင်းနှင့် အဆင့်နိမ့်လိဂ်မှ တန်းဝင် ဒိုင်လူကြီး ၃၆ ဦးနှင့် လက်ထောက်ဒိုင် ၉၄ ဦး ပါဝင်နေကြောင်း အတည်ပြုသွားပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်ဥက္ကဌဟာစီယို့စမာနိုဂလူက "ကျွန်တော်တို့အနေနဲ့ တူရကီဘောလုံးလောကကို ထိုက်တန်တဲ့ နေရာသို့ ပို့ဆောင်ချင်တယ်ဆိုရင် ဘယ်လို စူးမျိုး ရှိနေပါစေ ရှင်းလင်းသွားရမယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ၎င်းက ဒိုင်များအနေဖြင့် တူရကီဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိုက်သင့်တဲ့ အရေးယူမှု ခံယူရမှာ ဖြစ်ကြောင်း ဆိုသွားပါတယ်။
ကစားသမားများကဲ့သို့ပင် နည်းပြများ၊ ဒိုင်လူကြီးများဟာလည်း လောင်းကစားလုပ်မှု ပြုလုပ်ပါက အရေးယူခံရမယ့် စည်းမျဉ်းများကို ဖီဖာနှင့် ယူအီးအက်ဖ်အေရဲ့ ဘောလုံးစည်းမျဉ်းများတွင် ထည့်သွင်းရေးသားထားပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းအရ ၎င်းတို့ဟာ တစ်နှစ်ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖီဖာရဲ့ စည်းမျဉ်းအပုဒ် ၂၇ အရ ဒိုင်လူကြီးများ လောင်းကစားလုပ်ကြောင်း တွေ့ရှိပါက ဆွစ်ဖရန့် ၁၀၀၀၀၀ (ပေါင် ၉၄၂၄၆)အထိ ဒဏ်ရိုက်ခံရမှာ ဖြစ်ပြီး ဘောလုံးနှင့်ပတ်သက်ခွင့် ၃ နှစ်အထိ ပိတ်ပင်ခံရပါမယ်။
တူရကီထိပ်တန်းကလပ်များဟာ ယခုကဲ့သို့ ဒိုင်လူကြီးများ လောင်းကစားလုပ်မှုတွေ့ရှိမှုမှာ သန့်ရှင်းသော ဘောလုံးခေတ်သစ်တစ်ခုသို့ ရောက်ရေး လုပ်ဆောင်မှု ဖြစ်ကြောင်း၊ တူရကီဘောလုံးလောကတွင် တရားမျှတမှု ပြန်လည်ရရှိရေး သမိုင်းဝင် အခွင့်အရေးတစ်ရပ် ဖြစ်ကြောင်း ဆိုနေကြပါတယ်။
တူရကီဘောလုံးလောကတွင် ဒိုင်လူကြီးများရဲ့ ဘက်လိုက် ဆုံးဖြတ်မှုများကြောင့် ဒိုင်လူကြီးများကို ကွင်းအတွင်း ရိုက်နှက်မှုများ မကြာခဏ ဖြစ်ပျက်လာခဲ့တာပါ။
ယခုနှစ်များအတွင်းတွင် ဒိုင်လူကြီးများဟာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်များကြောင့် အပြင်းအထန် ဝေဖန်မှုများ ကြုံလာခဲ့ရတာပါ။
ယင်းသို့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်များကြောင့် အရေးပါတဲ့ ဘောလုံးပွဲများတွင် နိုင်ငံခြားသား ဒိုင်လူကြီးများကို ငှားရမ်း အသုံးပြုရတဲ့အထိ ဖြစ်ပျက်နေပါတယ်။