ငွေကြေးအခက်အခဲကြောင့် အဒေါ်ကို သတ်သည့် တူမကို ဖမ်းမိ
------------------------------------
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူကို သံရိုက်တူနဲ့ ရိုက်သတ်ပြီး ရွှေတုံး နဲ့ ငွေတွေ ယူဆောင်ခဲ့တဲ့ တူမဖြစ်သူ အလယ်တန်းပြ ဆရာမကို ဖော်ထုတ်ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက်၊ မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၂) ရပ်ကွက်၊ လမ်း ၇၀ (အေ)၊ ၁၀၇ လမ်း နဲ့ ၁၀၈ လမ်းကြားရှိ နေအိမ်တစ်အိမ်မှာ နေအိမ်ပိုင်ရှင် အငြိမ်းစား စာကြည့်တိုက်မှူး ဒေါ် ခင်စိုးမြင့် (၈၄) နှစ်ကို နေအိမ်မြေညီထပ်ဧည့်ခန်းအတွင်း ထိုင်ခုံပေါ်မှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ တစ်ချက်နဲ့ သေဆုံးနေပြီး အတူနေ မြေးဖြစ်သူ ဒေါ်အေးအေးခိုင် (၃၆) နှစ်ကို မြေညီထပ်ဧည့်ခန်း ခုတင်ပေါ်မှာ ဦးခေါင်း၊ ဝဲနားထင် ပေါက်ပြဲ ဒဏ်ရာနှစ်ချက် ရရှိထားတာကို စစ်ဆေးတွေ့ရှိတဲ့အတွက် ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁၁) နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ နဲ့ အမှုဖွင့်ပြီး ကျူးလွန်သူကို စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။
ကျူးလွန်သူမှာ သေဆုံးသူရဲ့ တူမတော်စပ်သူ ပြင်ဦးလွင်မြို့၊ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းမှာ တွဲဘက်တာဝန်ထမ်းဆောင်နေတဲ့ အလယ်တန်းပြဆရာမ မစိုးစိုးထွန်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရတဲ့အတွက် ဖမ်းမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၆ ရက်၊ ညနေ ၅ နာရီကျော်မှာ အခင်းဖြစ် နေအိမ်ကို ပြန်ရောက် လာစဉ် ဖမ်းမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျူးလွန်သူ မစိုးစိုးထွန်း ရဲ့ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ် ဇူလိုင်လကစပြီး နွားထိုးကြီးမြို့နယ်ကနေ ယာယီနေရပ် စွန့်ခွာပြီး ပြင်ဦးလွင်မြို့မှာ အိမ်ဌားရမ်းနေထိုင်ခဲ့တဲ့အတွက် ငွေကြေးအခက်အခဲများစွာ ရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ အဒေါ်တော်စပ်သူ ဒေါ်ခင်စိုးမြင့်က မန္တလေးမြို့၊ မြို့သစ် (၅) ရပ်ကွက်ရှိ နေအိမ်ကို ရောင်းချတာကို သိရတဲ့အတွက် ငွေချေးယူခဲ့ရာ ဒေါ်ခင်စိုးမြင့်က အိမ်ရောင်းရငွေ အကျေအလည်ရရှိပါက စီစဉ်ပေးမယ်လို့ ပြောကြားခဲ့ပြီး ငွေအကျေအလည် ရရှိပေမယ့်လည်း ဆောင်ရွက်ပေးမှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်အရ သိရပါ တယ်။
အောက်တိုဘာ ၂၅ ရက်၊ နေ့လယ်ပိုင်းမှာ ကျူးလွန်သူ မစိုးစိုးထွန်းဟာ အခင်းဖြစ် နေအိမ် မြေညီထပ် ဧည့်ခန်းအတွင်း ခုတင်ပေါ် အိပ်ပျော်နေတဲ့ တူမတော်စပ်သူ မအေးအေးခိုင်ကို သံရိုက်တူနဲ့ ၃ ချက် ထုရိုက်ခဲ့ပြီး ထိုင်ခုံပေါ် ထိုင်နေတဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်စိုးမြင့်ရဲ့ ဦးခေါင်းငယ်ထိပ်ကိုလည်း တစ်ချက် ထုရိုက်ခဲ့တယ်လို့ ပေါ် ပေါက်ကြောင်း ထုတ်ပြန်ချက်မှာ ပါ ရှိပါတယ်။
အဲဒီနောက် ဒေါ်ခင်စိုးမြင့် အိပ်ခန်းအတွင်းရှိ သံသေတ္တာကို တူနဲ့ ရိုက်ဖျက်ပြီး သေတ္တာအတွင်း သိမ်းဆည်းထားတဲ့ ရွှေ ၁၀ ကျပ်သားတုံး ၁ တုံးနဲ့ ကျပ်သိန်း ၁၀၀ တို့ကို ယူဆောင်ပြီး အောက်တိုဘာ ၂၆ ရက်မှာ ရွှေတုံးကို ရောင်း ချကာ ချေးယူထားတဲ့ ငွေကြေးတွေကို ပြန်လည်ပေးဆပ် သုံးစွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူ နဲ့ တူမဖြစ်သူတို့ကို သံရိုက်တူနဲ့ ထုရိုက်ခဲ့တဲ့ မစိုးစိုးထွန်း ကို ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူနိုင်ရေး နဲ့ သက်သေခံ ပစ္စည်းတွေ ပြန်လည်သိမ်းဆည်းနိုင်ရေး ဆက်လက် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။