တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၌ မီးပုံးပျံ ၄၀၀ ကျော် ဝင်ပြိုင်ရန် စာရင်းသွင်း
----------------------
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် စာရင်း ပေးထားတဲ့ မီးပုံးပျံ ၄၀၀ ကျော် ရှိတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းကနေ သိရပါတယ်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လာမဲ့ အောက်တိုဘာ(၂၉)ရက်ကနေ နိုဝင်ဘာ ၄ ရက် (တန်ဆောင် မုန်းလပြည့်နေ့)အထိ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပသွားမှာပါ။
ပွဲတော်ရက်ကာလအတွင်း နေ့ပိုင်းမှာ ခြေနှစ်ချောင်း၊ ခြေလေးချောင်းနဲ့ အရုပ်အုပ်စု မီးပုံးပျံတွေကို လွှတ်တင် သွားမှာဖြစ်ပြီး ညပိုင်းမှာတော့ ညမီးကြီး မီးပုံးပျံနဲ့ စိန်နားပန် မီးပုံးပျံတွေကို လွှတ်တင်သွားမှာ ဖြစ်တယ်လို့ သိရ ပါတယ်။
အခုနှစ်မှာတော့ ညမီးကြီး မီးပုံးပျံ ပြိုင်ပွဲဝင်မဲ့ အလုံးရေ (၄၃)လုံးရှိပြီး စိန်နားပန် မီးပုံးပျံက (၃၇)လုံးနဲ့ နေ့လွှတ် အရုပ်အုပ်စု မီးပုံပျံ (၃၅၈)လုံး ဝင်ပြိုင်ဖို့ စာရင်းပေးထားတယ်လို့ ဆိုပါတယ်။
ပွဲတော်ကာလအတွင်း ညမီးကြီး မီးပုံးပျံနဲ့ စိန်နားပန်မီးပုံးပျံတွေကို အောက်တိုဘာ (၂၉)ရက်ကနေ နိုဝင်ဘာ (၄)ရက်အထိ နေ့စဉ် ည(၅)နာရီအချိန်မှာ စတင်လွှတ်တင်သွားမှာဖြစ်ပြီး နေ့လွှတ် အရုပ်မီးပုံးပျံတွေကိုတော့ အောက်တိုဘာ(၂၇)ရက်ကနေ နိုဝင်ဘာ(၄)ရက်ထိ နေ့စဉ် မွန်းလွဲ(၁)နာရီမှာ စတင်လွှတ်တင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပွဲတော်ရက်တွေအတွင်း မီးပုံးပျံ လွှတ်တင်တာတွေနဲ့အတူ ကထိန်လှည့်လည်ပူဇော်တာ၊ မသိုးသင်္ကန်း ရက်လုပ် ပူဇော်တာ၊ မီးပဒေသာ လှည့်လည်ပူဇော်တာတွေအပြင် ဒေသထွက်ကုန် MSME စီးပွား ရေးလုပ်ငန်း ပြခန်းတွေနဲ့ နိုင်ငံကျော် အနုပညာရှင်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။