1 ပတ် - ဘာသာပြန်ပါ။

◾️မီးနီဖြတ်မောင်းသည့် အောက်ဆိုက်ကား တိမ်းမှောက်၊ တစ်‌ဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ
ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်၌ ယနေ့ (အောက်တိုဘာ ၂၅ ရက်)နံနက် ၈ နာရီ ၃၀ မိနစ်က မီးနီဖြတ်မောင်းလာသည့် ‌အောက်ဆိုက်ကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံမှသိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုမှာ ကျောက်တံတားမြို့နယ်၊ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းဒေါင့် မီးပွိုင့်၌ မီးနီဖြတ်မောင်းလာသည့် TOWNACE အမျိုးအစား အောက်ဆိုက်ကားသည် တစ်ဖက်ယာဉ်ကြောမှ Taxi (အဌားယာဉ်)ကို တိမ်းရှောင်ရာမှ အရှိန်လွန် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"တိုက်ခါနီး ရှောင်ရင်းမှောက်တဲ့သဘောပေါ့။ အောက်ဆိုက်ကားက အရှိန်တအားများလာတာ မီးက နီသွားပြီ။ Taxi ကည်း မီးစိမ်းပြီဆိုပြီး မောင်းလာတော့ လမ်းလည်ကျ ‌Taxi ကိုတိုက်မိမှာစိုးလို့ အောက်ဆိုက်ကားက သူ့ဘာသာ ရှောင်လိုက်တာ။ ယာဉ်မောင်းလို့ ယူဆရသူတစ်ဦး သေဆုံးပါတယ်။ Taxi က ထိမိတာမရှိဘူး"ဟု ရှင်သန်ရေးကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် သာကေတမြို့နယ်၊၁၀/တောင်ရပ်ကွက်၊သာယာ၀တီ ၂လမ်း နေထိုင်သူ အသက် ၆၀ အရွယ်ရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသား သုံးဦး နှင့် အမျိုးသမီး လေးဦး စုစုပေါင်း ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်းသိရသည်။
အဆိုပါ သေဆုံးထိခိုက်ဒဏ်ရာရရှိသူများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်းသိရသည်။
အောက်ဆိုက်ကားများ စီးရခြင်းနှင့်ပတ်သက်၍ ယင်းတာဝန်ရှိသူက "အဓိက ဘယ်ကားဖြစ်ဖြစ် မြို့ထဲမှာ လိုတာထက် အန္တရာယ်ဖြစ်အောင် ပိုမောင်းလို့မရဘူး။ အောက်ဆိုက်ကားဖြစ်လာတာကလည်း အပွင့်လင်းဆုံးပြောရရင် လိုအပ်ချက်ရှိလို့ဖြစ်လာတာ။ ဘတ်စ်ကားတွေရှိရင် ဘယ်သူမှမစီးဖူးဘူးပေါ့။ သခင်မြပန်းခြံ ကနေ သာကေတဘက်သွားတဲ့ ကားနည်းလို့ ကားရှားပါးလို့ဖြစ်တာ" ဟု ၎င်း၏အမြင်ကိုပြောသည်။
အောက်ဆိုက်ကားများသည် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာမှုမရှိပဲ အရှိန်လွန် ကျော်တက်မောင်းနှင်ခြင်း၊မီးနီဖြတ်မောင်းခြင်း၊ယာဉ်စီးခအဆမတန်ကောက်ခံခြင်းစသည်တို့ပြုလုပ်သည့်အပြင် မကြာခဏ တိမ်းမှောက်မှုများကြောင့် ခရီးသွားပြည်သူများအနေဖြင့် အသက်အန္တရာယ်ထိခိုက်မှုများဖြင့် ကြုံတွေ့လျက်ရှိကြောင်း ရန်ကုန်မြို့နေပြည်သူများကဆိုသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-အဖြူရောင်ကမ်းလက်လူမှုကူညီရေးအသင်း

image