1 ပတ် - ဘာသာပြန်ပါ။

တရုတ်နိုင်ငံ၏ ပထမဆုံး ကမ်းလွန်လေအားလျှပ်စစ်စက်ရုံကို ဝန်ကြီးဦးဥာဏ်ထွန်း ကြည့်ရှုလေ့လာ

တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့် စီမံကိန်းများအကောင်ထည်ဖော်ရန် ‌ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့်အဖွဲ့သည် တရုတ်နိုင်ငံ၊ ကျန်းစုပြည်နယ်၊ ရုဒုံမြို့၊ ဟွန်ကျန်းပင်လယ်ကွေ့အပြင်ဘက်ရှိ ဒီရေတောကမ်းခြေတွင် China Longyuan Power Group Corporation Limited မှတည်ဆောက်ထားသော ကုန်းတွင်း၊ ဒီရေတောနှင့် ကမ်းလွန်တို့တွင် တပ်ဆင်အင် အား(၄၈၀)မဂ္ဂါဝပ်ရှိသည့် Ru Dong Huan Gang Offshore Wind Farm ကမ်းလွန်လေအားလျှပ်စစ်စက်ရုံကို အောက်တိုဘာ ၂၅ ရက်ကကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ စီမံကိန်းသည် တရုတ်နိုင်ငံတွင် ပထမဆုံးကမ်းလွန်လေစွမ်းအင်ရှေ့ပြေးစမ်းသပ်တည်ဆောက်သည့် စီမံကိန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ယွမ် (၂ ဒသမ ၅၄) ဘီလီယံခန့်ရှိကာ ပထမအဆင့်အနေဖြင့် (၁ ဒသမ ၅) မဂ္ဂါဝပ်၊ (၂) မဂ္ဂါဝပ်၊ (၂ ဒသမ ၅) မဂ္ဂါဝပ်၊ (၃) မဂ္ဂါဝပ် တပ်ဆင်အင်အားများရှိသော လေအားတာဘိုင် (၁၆) လုံး (စုစုပေါင်း ၃၀ မဂ္ဂါဝပ်) ကို ၂၀၀၉ ခုနှစ်တွင် စတင်စမ်းသပ်တည်ဆောက်၍ ၂၀၁၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားစတင်ဓာတ်အားထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအဆင့်တွင် (၂ ဒသမ ၃) မဂ္ဂါဝပ်၊ (၂ ဒသမ ၅) မဂ္ဂါဝပ်၊ (၃) မဂ္ဂါဝပ်လေအားတာဘိုင် (၅၈) လုံး (စုစုပေါင်း ၁၅၀ မဂ္ဂါဝပ်) တပ်ဆင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် စတင်ဓာတ်အားထုတ်လုပ်နိုင်ခဲ့ကာ တတိယအဆင့်တွင် (၂ ဒသမ ၅) မဂ္ဂါဝပ် လေအားတာဘိုင် (၂၀) လုံး (စုစုပေါင်း ၅၀ မဂ္ဂါဝပ်) တပ်ဆင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဓာတ်အားထုတ်လုပ်ခဲ့ပြီး စတုတ္ထအဆင့်တွင် (၄) မဂ္ဂါဝပ်၊ (၅) မဂ္ဂါဝပ်၊ (၆) မဂ္ဂါဝပ် လေအားတာဘိုင် (၁၁) လုံး (စုစုပေါင်း ၅၀ မဂ္ဂါဝပ်) တပ်ဆင်၍ ၂၀၁၄ ခုနှစ်တွင်ဓာတ်အားထုတ်လုပ်ခဲ့သည်။

ပဉ္စမအဆင့်တွင် (၄) မဂ္ဂါဝပ် လေအားတာဘိုင် (၄၀) လုံး (စုစုပေါင်း ၂၀၀ မဂ္ဂါဝပ်) တပ်ဆင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်ဓာတ်အားထုတ်လုပ်ခဲ့သဖြင့် စုစုပေါင်း တပ်ဆင်အား (၄၈၀) မဂ္ဂါဝပ်အထိရှိလာခဲ့ကာ တာဘိုင်တာဝါတိုင်များ၏ အုတ်မြစ်များတွင်လည်း ကွန်ကရစ်ပိုင်တိုင်များနှင့် ကွန်ကရစ်အောက်ခံခုံ (PHC pipe piles with concrete caps) များ၊ သံမဏိဖြင့်ပြုလုပ်ထားသော ပိုင်တိုင်များအထိ ပုံစံအမျိုးမျိုးရှိသည်။

ဝန်ကြီးဦးဥာဏ်ထွန်းသည် ခရီးစဉ်အတွင်း၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော တရုတ်အစိုးရပိုင်ကုမ္ပဏီများဖြစ်သည့် ShweLi (1) Hydropower Co.,Ltd. ၊ Yunnan United Power DevelopmentCo.,Ltd. ၊ Goodwe Technologies Co.,Ltd.၊ POWERCHINA Chengdu Engineering Corporation Limited တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စီမံကိန်းများအကောင်အထည်ဖော်ရာတွင် လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

image
image
image
image