1 ပတ် - ဘာသာပြန်ပါ။

အာကာသမိုးကောင်းကင်ရဲ့ လေ့လာစရာကြယ်စင်စုတွေထဲက အများသူငါ မြင်ဖူးကြည့်ဖူးမယ့် စိတ်ဝင်စားစရာ ကြယ်စင်စုတစ်ခုကတော့ ညီအမ ခုနှစ်ဖော်ကြယ် ဒါမှ မဟုတ် Seven sister လို့ လူသိများတဲ့ကြယ်စင်စုပဲ ဖြစ်ပါလိမ့်မယ်။
ဒီကြယ်စင်စုတွေကိုတော့ Pleiades / Messier 45 (M45) လို့ နက္ခတ်သိပ္ပံမှာခေါ်ကြပြီးတော့ သူတို့ဟာ Taurus ကြယ်တာရာအစုအဝေးမှာတည်ရှိပါတယ်။
ဂရိရှေးဟောင်းဒဏ္ဏာရီတစ်ခုမှာ မုဆိုးကြီး orion နှောက်ယှက်နေတာမို့ ကမ္ဘာကို ထမ်းတင်ထားရတဲ့ Atlas ရဲ့ သမီးပျို ခုနှစ်ယောက်ကို နတ်ဘုရား Zeus က ကောင်းကင်ထက်က ကြယ်စင်တွေအဖြစ်ပြောင်းပေးခဲ့ပြီးတော့ ဒီကြယ်စင်စုတွေနောက်ကို မုဆိုးကြီး orion နဲ့ သူ့ရဲ့ခွေး Sirius တို့က နောက်က လိုက်နေတယ်လို့ဆိုပါတယ်။
ဒါဟာ ရှေးခေတ်က နက္ခတ်တာရာပညာရဲ့ နောင်လာနောင်သားတွေကို ပုံပမာ သဖွယ်ဇာတ်လမ်းဆောင်ပြောကြားချက်တစ်ခုဖြစ်ခဲ့ပြီးတော့ ဒီလို လက်ဆင့်ကမ်းမှုကနေ မြေထဲပင်လယ်က သင်္ဘောသားတွေဟာ ပင်လယ်ထဲကနေ သူတို့အတွက် ရွက်သိမ်းပြီး အိမ်အပြန်ချိန်ကို သိရှိနိုင်ခဲ့ပါတယ်။
Pleiadesကို စတင်မြင်တွေ့ လေ့လာနိုင်မယ့်အချိန်ဟာ အခုလို မိုးဦးကုန်ဆောင်းဦးပေါက်စကာလဖြစ်ပြီးတော့ နိုဝင်ဘာလဟာ သူ့ကိုလေ့လာနိုင်မယ့် အကောင်းဆုံးလဖြစ်ပါတယ်။ဆောင်းရာသီမှာ မြင်ရလေ့ရှိတာမို့သူတို့ကို winter star လို့လည်းခေါ်ကြပါသေးတယ်။
တကယ်တော့ Seven sister/Pleiades ဟာ ကြယ်ခုနှစ်လုံးပဲ ပါဝင်တဲ့ ကြယ်စင်စု မဟုတ်ပဲ ကြယ်စင်ပေါင်း တစ်ထောင်ကျော် စုဝေးနေကြတဲ့ open cluster အမျိုးအစား ကြယ်စင်အစုအဝေးတစ်ခုဖြစ်ပါတယ်။သာမန်မျက်စိနဲ့တော့ ခြောက်လုံးခုနှစ်လုံးလောက်ကိုပဲ မြင်ရမှာပါ။ ခုနှစ်လုံးအထက်ကိုမြင်နိုင်တဲ့သူကို မျက်လုံးအားကောင်းတဲ့သူလို့သတ်မှတ်ပြီး ရှေးခေတ်က ကင်းစောင့်လေးသည်တော်တွေ အဖြစ်တာဝန်ပေးခဲ့ဖူးတဲ့ သမိုင်းတွေလည်းရှိပါတယ်။
ကျွန်တော်တို့ ကမ္ဘာမြေကနေ အလင်းနှစ် ၄၄၀ ခန့်အကွာမှာတည်ရှိနေပြီးတော့ ကမ္ဘာနဲ့ နီးစပ်ဆုံး open cluster ကြယ်စင်စု တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
သူတို့တွေရဲ့ဖြစ်တည်မှုသက်တမ်းဟာ နှစ်သန်း ၁၀၀ ခန့်သာရှိသေးတာမို့ နှစ်ပေါင်း ၄.၅ ဘီလျံ သက်တမ်းရှိနေပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ နေ နဲ့ နှိူင်းယှဉ်မယ်ဆိုရင် သက်တမ်းနု ကြယ်စင်တွေဖြစ်ကြပါတယ်။
သက်တမ်းနု B type ကြယ်စင်တွေဖြစ်တာမို့ သူတို့ရဲ့ အလင်းဟာ အပြာနုရောင်အသွင်ကိုထုတ်လွှင့်ပြီးတော့ လှပစွာတည်ရှိနေပါတယ်။
သူတို့ရဲ့ဘေးမှာလည်း နက်ဗြူလာလို့ခေါ်တဲ့ ဓါတ်ငွေ့တိမ်တိုက်တွေရှိပြီး ဒီတိမ်တိုက်တွေကို သူတို့ဆီကလာတဲ့ အပြာရောင်အလင်းက ရောင်ပြန်ဟပ်ပြီး တည်ရှိနေတာမို့ လှပတဲ့ ကြယ်စင်စုအစုအဝေးတစ်ခုလည်းဖြစ်ပါတယ်။
သူတို့ရဲ့လှပတဲ့တောက်ပမှုကြောင့် ကော ကမ္ဘာနဲ့ သိပ်မကွာဝေးတဲ့ ကြယ်စင်စု အစုအဝေးဖြစ်တာကြောင့် Pleiades ကို ကမ္ဘာပေါ်က နေရာတော်တော်များများက တွေနိုင်ပါတယ်။
နက္ခတ်တာရာ ပညာရှင်တွေထဲက ဒီကြယ်စင်စုကို အရင်ဆုံး တယ်လီစကုတ် အသုံးပြုပြီးလေ့လာခဲ့သူက ဂယ်လီလီယိုဖြစ်ပြီး ကြယ်စင်စု ထဲက ကြယ်၃၆လုံးကိုတွေ့ရှိခဲ့ပါတယ်။
ဂျာမနီနိုင်ငံက နှစ်ပေါင်း ၃၅၀၀သက်တမ်းရှိတဲ့ Nebra Sky Disc လို ရှေးဟောင်းပစ္စည်းမှာတောင် Pleiades ကြယ်အစုအဝေးကို ပုံဖော်ထားတာကို တွေ့ရှိခဲ့ရတာမို့ ညီအမ ခုနှစ်ဖော်နဲ့ ကျွန်တော်တို့လူသားတွေရဲ့ ရင်းနှီးကျွမ်းဝင် ခဲ့မှုဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။
~MASES / Soe pyae htat
Photo credit to Boothee

image