နွေရာသီတွင် ဥရောပထိပ်သီးကလပ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရေး ဂူဟီရဲ့ အေးဂျင့်အဖွဲ့ ဆွေးနွေးလာ
==========================
ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင်မာ့ခ်ဂူဟီရဲ့ အေးဂျင့်အဖွဲ့ဟာ လာမယ့်နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ရေး ဘိုင်ယန်မြူးနစ်အကြီးအကဲများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လာပါတယ်။
အင်္ဂလန်လက်ရွေးစင်ဗဟိုနောက်ခံလူဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တုန်းက လီဗာပူးသို့ ပြောင်းရေး ဆေးစစ်ဆေးမှု ခံယူခဲ့ပြီး ဖြစ်ပေမယ့် ပဲလေ့စ်ဘက်က အစားထိုးနိုင်မယ့် ကစားသမားရှာမတွေ့ခဲ့မှုနှင့်အတူ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့သူလည်း ဖြစ်ပါတယ်။
ဗဟိုနောက်ခံလူဟာ ယခုရာသီအကုန်အထိ ပဲလေ့စ်တွင် ဆက်ရှိနေမှာ ဖြစ်ပေမယ့်လည်း စာချုပ်သစ်ချုပ်ဆိုလာမှာ မဟုတ်ပါဘူး။
၂၀၂၅-၂၆ ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂူဟီကို ခေါ်ယူရန် ဥရောပထိပ်သီးကလပ်အမြောက်အမြားက စိတ်ဝင်စားနေပါတယ်။
ယနေ့တွင် Sky Sports Germany ရဲ့ ဖော်ပြလာမှုအရ ဘိုင်ယန်မြူးနစ်ဟာ ဂူဟီအား ခေါ်ယူရေး အေးဂျင့်များနှင့် ဆွေးနွေးမှု ပြုလုပ်လာကြောင်း သိရပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ လာမယ့် နွေရာသီတွင် ဒါယော့အူပါမီကာနို (သို့မဟုတ်) ကမ်မင်ဂျီ ထွက်ခွာနိုင်မှုနှင့်အတူ ခံစစ်မှူးတစ်ဦး ရှာဖွေနေတာပါ။
ဘိုင်ယန်မြူးနစ်ဟာ ဂူဟီကို ခေါ်ယူရေး မအောင်မြင်ပါက ဒေါ့မွန်မှ နီကိုချာလော့တာဘက်အား ခေါ်ယူရေး ကြိုးပမ်းလာနိုင်ပါတယ်။
ဒါ့အပြင် ဂူဟီကို ခေါ်ယူရေး ဘိုင်ယန်မြူးနစ်တစ်သင်းတည်း ကြိုးပမ်းနေတာ မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ကလည်း ဂူဟီကို ခေါ်ယူရေး စိတ်ဝင်စားလျက်ရှိကြပါတယ်။