အေစီမီလန်ရဲ့ ပြိုင်ပွဲအရပ်ရပ် ၁၃ ပွဲဆက်တိုက်နိုင်ပွဲစံချိန်ကို လိုက်မီလာတဲ့ ဘိုင်ယန်မြူးနစ်
====================
ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားအောက်ဆုံးမှ မိုချင်ဂလက်ဘတ်ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး အေစီမီလန်ရဲ့ ၁၃ ပွဲဆက်နိုင်ပွဲစံချိန်ကို လိုက်မီလာခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ် ၁၃ ပွဲလုံး အနိုင်ရရှိထားတာ ဖြစ်ပြီး ရာသီအစ ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားတာလည်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ ၁၉၉၂-၉၃ ရာသီတုန်းက အေစီမီလန်ရဲ့ ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုတွင် ပထမဆုံး ၁၃ ပွဲဆက် နိုင်ပွဲရရှိထားတဲ့ စံချိန်ကို လိုက်မီလာခဲ့တာလည်း ဖြစ်ပါတယ်။
မနေ့ညကပွဲတွင် ဘိုင်ယန်မြူးနစ်အတွက် တတိယဂိုးကို သွင်းခဲ့တဲ့ လူငယ်ကျော်သက်ကစားသမားလင်နတ်ကားလ်ဟာလည်း အသင်းအတွက် ၂ ပွဲဆက် ဂိုးသွင်းယူလာနိုင်ခဲ့ပါတယ်။
တောင်ပံကစားသမားဟာ ကြားရက်တုန်းက ကလပ်ဘရုဂျက်ကို ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ စီနီယာကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် အသက် ၁၇ နှစ်နှင့် ၂၄၂ ရက်ဖြင့် ဘိုင်ယန်မြူးနစ်သမိုင်းတွင် အသက်အငယ်ဆုံးချန်ပီယံလိဂ်ဂိုးသွင်းရှင်အဖြစ် သမိင်းမှတ်တိုင်စိုက်ထူခဲ့သူလည်း ဖြစ်ပါတယ်။
မနေ့ညက ပွဲမှာ ဘိုင်ယန်မြူးနစ်ဟာ ၁၉ မိနစ်မှာ ကက်စထရော့ပ် အနီကတ်ပြထုတ်ပယ်ခြင်းခံရပြီးနောက် မိနစ် ၇၀ ကျော် တစ်ယောက်အသာဖြင့် ကစားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။
ဘိုင်ယန်အတွက် အနိုင်ဂိုးတွေကို ကမ်မစ်ချ်၊ ရာဖေးလ်ဂွာရဲရိုး၊ ကားလ်တို့က သွင်းယူခဲ့ကြတာပါ။
မနေ့ညက ပွဲတွင် ဟယ်ရီကိန်းဟာ ဂိုးသွင်းနိုင်ခြင်း၊ ဖန်တီးနိုင်ခြင်း ပြုလုပ်နိုင်ခဲ့ခြင်း မရှိတဲ့နောက် ယခုရာသီ ပထမဆုံးပွဲအဖြစ် ဂိုး(သို့မဟုတ်)ဖန်တီးမှု မပြုလုပ်နိုင်တဲ့ပွဲကြုံခဲ့ရပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ယခုရာသီ ဘိုင်ယန်မြူးနစ်အတွက် ၁၂ ပွဲကစားထားခဲ့ရာမှာ ဂိုး ၂၀ အထိ သွင်းထားနိုင်ပါတယ်။ သူဟာ မိုချင်ဂလက်ဘတ်ပွဲမတိုင်မီ ဘွန်ဒက်စ်လီဂါ ၅ ပွဲဆက် ဂိုးသွင်းထားသူလည်း ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဂျာမန်ပိုကယ်ဖလားဒုတိယအဆင့်ပွဲစဉ်အဖြစ် ကိုလုံးနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး စနေနေ့မှာ လေဗာကူဆင်အား အိမ်ကွင်းမှာ ဧည့်ခံကစားရပါမယ်။