အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေးနဲ့ ရွေးကောက်ပွဲမတိုင်ခင် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ထိုင်းတိုက်တွန်း

ယခုနှစ်ကုန်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာ့ရွေးကောက်ပွဲမှာ သက်ဆိုင်သူအားလုံနဲ့ ပြည်သူအားလုံးပါတဲ့ ရွေးကောက်ပွဲတရပ်ဖြစ်ဖို့ ထိုင်းနိုင်ငံက ဆက်လက်တိုက်တွန်းသွာမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖောင်ကက်ကွေက ရွေးကောက်ပွဲဟာ ဆွေးနွေးမှုကို မြှင့်တင်ပေးပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဦးတည်စေတဲ့ စဉ်ဆက်မပြတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်သင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြိး ဆီဟာဆက်ဖောင်ကက်ကွေက ပြောပါတယ်။

“ရွေးကောက်ပွဲမှာ သက်ဆိုင်သူအားလုံးပါဝင်မှုရှိစေဖို့နဲ့ ရွေးကောက်ပွဲမတိုင်ခင် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ကြဖို့ ထိုင်းနိုင်ငံက ဆက်လက်တိုက်တွန်းသွားမှာပါ “လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ရွေးကောက်ပွဲဟာ မြန်မာ့အရေး အဆုံးအဖြတ်မဟုတ်ဘူးလို့ ရှုမြင်ကြောင်း သူက ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကြိုးပမ်းမှုတွေကို အရင်ဆုံး ဦးစားပေးလုပ်ဆောင်ဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာက တောင်းဆိုမှုတွေရှိနေပေမယ့် မြန်မာအာဏာပိုင်တွေကတော့ ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတ.်။

၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ မလေးရှားနိုင်ငံမြို့တော်ကို ရောက်ရှိနေတဲ့ ဆီဟာဆက်အပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကတော့ ရှည်လျားလှတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အတွက် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းအထူးသံတမန်တယောက်ကိုလည်း ခန့်အပ်ရေး တိုက်တွန်းနေပါတယ်။

“ကွာလာလမ်ပူမှာ ဒီအရာအားလုံးကို ကျွန်တော်တို့ တကယ်ဆွေးနွေးဖို့ အချိန်ကောင်းလို့ ထင်ပါတယ်။ ဘယ်လိုအထူးသံတမန်မျိုး လိုအပ်လဲ။ လုပ်ပိုင်ခွင့်က ဘယ်လောက်လဲ၊ ဘယ်နှစ်နှစ်လဲ ဆိုတာမျိုးတွေပေါ့ ” လို့ သူကပြောပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဒေသတွင်းနိုင်ငံတွေက အာရုံစိုက်ဖို့လိုအပ်ပြီး ဒီလိုမတည်ငြိမ်မှုတွေက မြန်မာပြည်သူများကိုသာမက မြန်မာ-ထိုင်းနယ်စပ်တလျှောက် လုံခြုံရေးအပါအဝင် ပိုမိုကျယ်ပြန့်တဲ့ အကျိုးသက်ရောက်မှုတွေ အာဆီယံဒေသကိုပါ ရိုက်ခတ်နိုင်တယ်လို့ သူက သတိပေးထားပါတယ်။

image