ကျားဖြန့်ယူဆရသူ လေးယောက် သောင်ရင်းမြစ်ထဲ ရေနစ်သေဆုံး
မြဝတီမြို့ကနေ ထိုင်းနိုင်ငံဘက်ခြမ်းကို သောင်ရင်းမြစ်ကူးပြီး ခိုးဝင်ဖို့ကြိုးစားခဲ့တဲ့ ကျားဖြန့်လုပ်ကိုင်တယ်လို့ ယူဆရတဲ့နိုင်ငံခြားသားလေးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြဝတီ ဒေသခံတွေဆီက သိရပါတယ်။
သောင်ရင်းမြစ်အတွင်း ရုပ်အလောင်းတွေမျောနေတာကို အောက်တိုဘာ ၂၄ ရက်နေ့မှာ ဒေသခံတွေက မြင်တွေ့ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
" အရင်ရက်ကတည်းကသေတာဖြစ်လောက်မယ်။အရင်ရက် KK Park ကိုတပ်ကဝင်စီးတော့ ထိုင်းဘက်ကိုကမ်းကူးပြေးရင်းရေနစ်သေတာဖြစ်ဖို့များတယ်။တယောက်ဆိုရင် တက်တူးအပြည့်ရှိတာတွေ့ရတယ်။ဘယ်နိုင်ငံကလူတွေလည်းဆိုတာတော့မသိဘူး။ဒီတိုင်းမျောနေတာပဲတွေ့ရတယ်။ ကျားဖြန့်သမားတွေမြဝတီမှာအလုပ်ဖြစ်နေတယ်။ဖုန်းတွေအလုအယက်ရောင်းနေကြတယ်။" လို့ မြို့ခံတယောက်ကပြောပါတယ်။
သောင်ရင်းမြစ်အတွင်း ရေနစ်သေဆုံးတဲ့ ရုပ်အလောင်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဒေသခံတွေအနေနဲ့ မသိရှိရဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ မြဝတီမြို့ကို ထွက်ပြေးလာတဲ့ ကျားဖြန့်သမားတွေထဲကနေ သောင်ရင်းမြစ်ကူးပြီး ထိုင်းဘက်ခြမ်းကိုထွက်ပြေးသွားတဲ့ နိုင်ငံခြားသား ကျားဖြန့်သမား ၁၀၀၀ ကျော်အထိရှိပြီး မြဝတီမြို့မှာလည်းသက်ဆိုင်ရာကနေပြီး ကျားဖြန့်သမားအချို့ကို ခေါ်ယူထိန်းသိမ်းမှုပြုလုပ်နေတယ်လို့သိရပါတယ်။
အခုထိ မြဝတီမြို့ပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ နိုင်ငံခြားသား ကျားဖြန့်သမားတွေရှိနေသေးကြောင်း ၊ တချို့နိုင်ငံသားတွေက ဇာတိနိုင်ငံကိုမပြန်လိုဘဲ အလုပ်အသစ်တခုရှာပြီးသာ အလုပ်လုပ်လိုကြတာမျိုးလည်းရှိတယ်လို့ ဒေသခံပြောပြချက်အရသိရပါတယ်။
ကျားဖြန့်လုပ်ငန်းတွေလုပ်ကိုင်တဲ့ KK park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးမှုပြုလုပ်ပြီးနောက် အောက်တိုဘာ ၂၂ ရက်နေ့မနက်ပိုင်းကစလို့ တရုတ်ကျားဖြန့်တွေဦးစီးလုပ်ကိုင်တဲ့ AA ဆိုက်အားလုံးမှာရှိတဲ့ ကျားဖြန့်သမားတွေဟာ မြဝတီမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။
အလားတူ ထိုင်းကို တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်ဖို့ကြိုးစားခဲ့တဲ့ မြန်မာလုပ်သားတွေလိုက်ပါလာတဲ့ကားတစီးလည်း ဒီနေ့ အောက်တိုဘာ ၂၅ ရက်နေ့မနက်ပိုင်းက ကန်ချနပူရီမှာ တိမ်းမှောက်လို့ မြန်မာလုပ်သား လေးယောက်သေဆုံးကာ ၁၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။
" ဒီနေ့မနက် ၉ နာရီလောက်ကဖြစ်တာလို့သိရတယ်။ ကန်ချနပူရီထဲမှာဖြစ်တာ။ ကျွန်မတို့မြန်မာတွေကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားက အမြန်လမ်းဘက်ကိုအသွားမှာ ကားဘီးပေါက်ပြီး မှောက်သွားတာလိူ့သိရတယ်။ ရဲတွေ ရောက်သွားတော့ ကာတစီးလုံး ကြေမွနေတာတွေ့ရတယ်။သုံးယောက်က ပွဲချင်းပြီးဆုံးတယ်။နောက် တယောက်က ဆေးရုံမှာဆုံးတယ်သိရတယ်။ " လို့ ထိုင်းရောက်မြန်မာတယောက်ကပြောပါတယ်။
အဆိုပါကားက အရှိန်ပြင်းပြင်းနဲ့မောင်းလာချိန် ဘီးပေါက်ပြီး တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ၊ ကားမှောက်မှုဖြစ်ပွားပြီးနောက် ယာဥ်မောင်းကထွက်ပြေးသွားတာကြောင့် ယာဥ်မောင်းကိုတော့ လတ်တလောမှာ ဖမ်းဆီး ရမိခြင်းမရှိသေး ဘူးလို့သိရပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ထိုင်းအာဏာပိုင်တွေက ဆေးရုံကိုပို့ဆောင်ပြီး ဆေးကုသမှုပေးထားတယ်လို့သိရပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ကန်ချနပူရီခရိုင်ထဲမှာ မြန်မာလုပ်သားတွေလိုက်ပါလာတဲ့ ကားတိမ်းမှောက်လို့ မြန်မာလုပ်သား ၁၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့သိရပါတယ်။