တန်းတက်ဆန်းဒါးလန်းကို အိမ်ကွင်းတွင် ရှုံးနိမ့်ပြီးနောက် နောက်ခံလူများကို မာရက်စ်ကာ ဝေဖန်အပြစ်တင်လာ
====================

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် တန်းတက်ဆန်းဒါးလန်းအား ရှုံးနိမ့်ပြီးနောက် လွယ်ကူတဲ့အခြေအနေမျိုးတွင် တားဆီးမှု မပြုလုပ်နိုင်ခဲ့ကြတဲ့ နောက်ခံလူများအား ဝေဖန်အပြစ်တင်လာပါတယ်။

အီတလီလူမျိုးနည်းပြဟာ တန်းတက်ကလပ်နှင့်ပွဲတွင် ကစားသမားများရဲ့ တိုက်ပွဲဝင်စိတ်နည်းပါးမှု၊ နှစ်ဦးချင်း ထိပ်တိုက်တွေ့ရာမှာ အရေးနိမ့်မှုတို့အတွက်လည်း ဝေဖန်သွားခဲ့ပါသေးတယ်။

မနေ့ညကပွဲတွင် ဆန်းဒါးလန်းဟာ နာကျင်အချိန်ပို ၉၃ မိနစ်တွင် ချမ်ဒိုင်းတယ်ဘီသွင်းယူတဲ့ အနိုင်ဂိုးဖြင့် ၂-၁ ဖြင့် အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ မော်ရိုကိုလက်ရွေးစင်ဟာ လူနှစ်ယောက်ရှိနေတဲ့ကြားထဲမှ ဘရိုင်ယန်ဘရော့ဘ်ဘီရဲ့ ဖန်တီးမှုမှ တဆင့် သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

မာရက်စ်ကာက "ဒါက နောက်ကနေ ကန်တင်လိုက်တဲ့ Long Ball မျှသာ ဖြစ်တယ်။ နှစ်ယောက်တစ်ယောက် တွေ့ကြတာ။ ဗဟိုခံစစ်မှူးနှစ်ဦး ရှိတယ်။ ကျွန်တော်တို့ လုံးဝ မခုခံနိုင်ခဲ့ဘူး။ တိုက်စစ်မှူးက ဂိုးပေါက်ရှေ့ရောက်လာတယ်။ ပြီးတော့ ကျောခိုင်းလိုက်တယ်။ လွယ်လွယ်ကူကူ ခုခံလို့ရတဲ့ အခြေအနေပါ။ ပွဲချိန် ၉၂ ၉၃ မိနစ်ဆိုတော့ ကျွန်တော်တို့ နည်းနည်းစိတ်လှုပ်ရှားနေခဲ့ကြတယ်။ ဒါပေမယ့် ဒီထက် ပိုကောင်းခဲ့သင့်တယ်"လို့ ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာ ဆန်းဒါးလန်းအား ရှုံးနိမ့်ပြီးနောက် ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးလာခဲ့ပြီလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး မာရက်စ်ကာက "ကျွန်တော်တို့ မကောင်းခဲ့ဘူး။ ဖန်တီးမှု အားနည်းခဲ့တယ်။ ဖန်တီးမှုအများကြီး မလုပ်နိုင်ခဲ့ဘူး။ ပြီးတော့ ရုန်းကန်ခဲ့ရတယ်။ ရာနှုန်းပြည့်ခြေစွမ်းပြနိုင်မယ့် ကစားသမားတွေ လိုအပ်တယ်။ ၁-၀ ဂိုးနဲ့ ဦးဆောင်ချိန်မှာတောင် နှစ်ဦးချင်း ထိပ်တိုက်ရင်ဆိုင်ရမှာ အရေးနိမ့်တယ်။ ဒုတိယဘောလုံးတချို့ ဆုံးရှုံးရတယ်။ ဒီလိုအသင်းမျိုးနဲ့ပွဲမှာ အနိုင်ရရမယ်"လို့ ပြောကြားသွားပါတယ်။

image