လျှပ်စစ်ဓာတ်အားလိုအပ်ချက် ရရှိနိုင်ရေး စီမံချက်ရေးဆွဲအကောင်အထည်ဖော်နေ
------------
မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ်တိုးတက်လာတဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး ပင်မစီမံချက်ကို ၂၀၃၀ အထိ ရေးဆွဲအကောင်အထည်ဖော်ခဲ့တယ်လို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းကပြောပါတယ်။
ယမန်နေ့က ကျင်းပခဲ့တဲ့ တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာနနဲ့ International Renewable Energy Agency (IERNA)တို့က ကြီးမှူးကျင်းပတဲ့ စွမ်းအင်အသွင်ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာ ဖိုရမ် -၂၀၂၅ မှာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီဖိုရမ်မှာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ၂၀၃၀ ပြည့်နှစ်မှာ ရေအားလျှပ်စစ်မပါဝင်တဲ့ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍမှာ ပြည်တွင်းအရင်းအမြစ်တွေနဲ့ အကောင်အထည်ဖော်မဲ့ ရည်မှန်းချက်မှာ ၁၁ရာခိုင်နှုန်း(၂၀၀၀ မဂ္ဂါဝပ်)ဖြစ်ပြီး လုံလောက်တဲ့ နိုင်ငံတကာပံ့ပိုးမှုရရှိပါက ၁၇ရာခိုင်နှုန်း(၃၀၇၀ မဂ္ဂါဝပ်) အထိတိုးမြှင့်နိုင်ဖို့ ရည်ရွယ်ထားကြောင်းနဲ့ ၂၀၂၆ခုနှစ်ကနေ ၂၀၄၅ခုနှစ်အထိ နောက်ထပ်အနှစ်(၂၀)အတွက် စွမ်းအင်အသစ်ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ပုံစံသစ်ကိုလည်း ရေးဆွဲဖို့စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့တာပါ။
ဒါ့အပြင် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုမှာအဓိကကျပြီး နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု တွေကိုလည်း လိုအပ်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ (၂၀၂၅)ခုနှစ်စက်တင်ဘာလ မတိုင်ခင်ကာလအထိ ရေအားလျှပ်စစ် ၅၁ ရာခိုင်နှုန်း၊နေရောင်ခြည်စွမ်းအင် လေးရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၄၀ရာခိုင်နှုန်းနဲ့ ကျောက်မီးသွေး နှစ်ရာခိုင်နှုန်း၊ဒီဇယ် သုံးရာခိုင်နှုန်းနဲ့ စုစုပေါင်း(၆၃၅၇ မဂ္ဂါဝပ်) အထိရှိခဲ့တယ်လို့ ဆိုပါတယ်။



