◾️မုန်တိုင်းငယ်အရှိန်ကြောင့် သုံးရက်အတွင်းတိုင်းနှင့်ပြည်နယ်အနှံ့မိုးထစ်ချုန်းရွာမည်
အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့(အောက်တိုဘာ ၂၆ ရက်)မှ သုံးရက်အတွင်းတိုင်းနှင့်ပြည်နယ်အနှံ့ မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ယနေ့(အောက်တိုဘာ ၂၆ ရက်)မှ အောက်တိုဘာ ၂၈ ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလကခန့်မှန်းထားသည်။
လေကြောင်းမိုးလေဝသဌာနမှူး ဦးဝေဖြိုးဟန်က "မနက်ဖြန်မနက် ၁၀ နာရီအထိခန့်မှန်းချက်အရ ကချင်ပြည်နယ်တွင်မိုးဖွဲအနည်းငယ်နှင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာသွန်းနိုင်ပါသည်။ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်တို့တွင် နေ့ပူချိန်များအနည်းငယ် မြင့်တက်ပြီး အိုက်စပ်စပ်နဲ့ဖြစ်လာနိုင်ပါသည်" ဟု ခန့်မှန်းထားသည်။
ယနေ့ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ နာရီမိနစ်အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်သည် (အောက်တိုဘာ ၂၇ ရက်) တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ အောက်တိုဘာ ၂၈ ရက်တွင်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ကြောင်း မိုးဇလကခန့်မှန်းထားသည်။
အားကောင်းသောမုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသောကြောင့် မိုးဇလကအဝါရောင်အဆင့်သတ်မှတ်ထားသည်။
#ပြည်တွင်းသတင်း