ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဥပဒေအရာရှိများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လို

လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဥပဒေအရာရှိများအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးအုန်းသန်းကပြော သည်။

ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဥပဒေချုပ်ဦးအုန်းသန်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကော်မရှင်အဖွဲ့ခွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဥပဒေအရာရှိများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်သည့်နေရာတွင် မိမိ၏ ပင်မလုပ်ငန်းအပြင် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများ၊ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းများ ဆောင်ရွက်သည့်အခါ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အထူးသဖြင့် ဥပဒေအရာရှိများနှင့် ဝန်ထမ်းမိ သားစုဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးနိင်ရေးအတွက်ကို သက်ဆိုင်ရာ တိုင်း/ခရိုင်/မြိုနယ် ဥပဒေအရာရှိများက မဲစာရင်းတွင်ပါရှိရေး တစ်ဦးတစ်ယာက်မှ မကျန်ရှိအောင် အလေးထားဆောင်ရွက်ပေးရန်လိုအပ်ကြောင်းလည်း ဦးအုန်းသန်း ကပြောသည်။

လာမည်ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ (၂၈) ရက်၌ မြို့နယ် (၁၀၂)မြို့နယ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး လက်ရှိ ပထမအကြိမ် မဲစာရင်းများကိုလည်း ကပ်ထားကြေညာထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။

image