ပါနာသီနိုင်ကို့စ်နည်းပြသစ်ဖြစ်လာပြီးနောက် ဂရိလိဂ်ရဲ့ လုပ်ခအများဆုံးရ နည်းပြဖြစ်လာတဲ့ ရာဖေးလ်ဘင်နီတက်ဇ်
=====================
ရာဖေးလ်ဘင်နီတက်ဇ်ဟာ ပါနာသီနိုင်ကို့စ်နည်းပြသစ်အဖြစ် ဘောလုံးလောကသို့ ပြန်လည် ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၆၅ နှစ်ရှိ ဘင်နီတက်ဇ်ဟာ ၂၀၂၄ ခုနှစ်တွင် ဆဲလ်တာဗီဂိုမှ ထွက်ခွာခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
သူဟာ ပါနာသီနိုင်ကို့စ်နည်းပြဖြစ်လာမှုနှင့်အတူ တချိန်တုန်းက အောင်မြင်မှု ရယူခဲ့ဖူးတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ခွင့်ရလာပါတယ်။
လီဗာပူး၊ ချဲလ်ဆီး၊ အင်တာမီလန်နှင့် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဟာ ပါနာသီနိုင်ကို့စ်နှင့် ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
သူဟာ တစ်နှစ်လုပ်ခ ပေါင် ၄.၄ သန်း ရရှိလာမှာ ဖြစ်ပြီး ဂရိဘောလုံးလောကရဲ့ လုပ်ခအမြင့်မားဆုံးနည်းပြဖြစ်လာပါတယ်။
နယူးကာဆယ်နှင့် အဲဗာတန်နည်းပြဟောင်းဟာ ကြာသပတေးနေ့တုန်းက အေသင်သို့ စင်းလုံးငှားလေယာဉ်ဖြင့် ရောက်လာပြီး စာချုပ်ကိစ္စအား အပြီးသတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘင်နီတက်ဇ်ဟာ ပါနာသီနိုင်ကို့စ် ပထမဆုံးပွဲအဖြစ် တနင်္ဂနွေနေ့ညတွင် ဖူလ်ဟမ်နည်းပြဟောင်းခရစ်ကိုးလ်မန်းကိုင်တွယ်နေတဲ့ အက်စ်တီရစ်ထရီပိုလီနှင့် ရင်ဆိုင်ကစားရပါမယ်။
ပါနာသီနိုင်ကို့စ်ဟာ ဂရိစူပါလိဂ်အမှတ်ပေးဇယားအဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပြီး ထိပ်ဆုံးမှ အိုလံပီယာကို့စ်နှင့် ရမှတ် ၈ မှတ်ကွာဟနေပါတယ်။
၎င်းတို့ဟာ ယူရိုပါလိဂ် ၃ ပွဲကစားရာမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်း ရရှိထားပါတယ်။