MNL U-21 ရာသီပိတ် ဖိုင်နယ်ပွဲအပြီး ချန်ပီယံဆုကို ဒဂုံစတားယူနိုက်တက်အသင်း ဆွတ်ခူး

MNL U-21Youth League 2025 အမှတ်ပေးဘောလုံးပြိုင်ပွဲ ရာသီပိတ်နောက်ဆုံးဖိုင်နယ်ပွဲအပြီးတွင် ချန်ပီယံဆုကို ဒဂုံစတားယူနိုက်တက်အသင်းက ဆွတ်ခူးရရှိခဲ့ပြီဖြစ်သည်။

ယမန်နေ့ အောက်တိုဘာ (၂၃)ရက် ညနေပိုင်းက ဒဂုံစတားယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဒဂုံစတားယူနိုက်တက်အသင်းက ဆုမင်းအောင်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရကာ ချန်ပီယံဆုကိုရရှိခဲ့ခြင်းဖြစ်သည်။

ဒဂုံစတားယူနိုက်တက်အသင်းသည် ရမှတ် (၅၉) မှတ်ဖြင့် ချန်ပီယံဆုဖလားရရှိခဲ့ပြီး ISPE အသင်းအနေဖြင့် နောက်ဆုံး အဆုံးအဖြတ်ပွဲတွင် အရေးနိမ့်ခဲ့ခြင်းကြောင့် ရမှတ် (၅၇) မှတ်ဖြင့် ဒုတိယနေရာနှင့်သာ ကျေနပ်ခဲ့ရသည်။

MNL U-21Youth League 2025 အမှတ် ပေးဘောလုံးပြို င်ပွဲတွင် ပထမ ဒုတိယနှင့်တတိယနေရာများ ရရှိခဲ့သည် ဒဂုံစတားယူနိုက်တက်၊ ISPE နှင့် ရှမ်းယူနိုက်တက်အသင်းတို့အား ပွဲအပြီးတွင် ဆုများပေးအပ်ချီးမြင့်ခဲ့ကြသည်။

ချန်ပီယံဆုဆွတ်ခူးရခဲ့သည့် ဒဂုံစတားယူနိုက်တက်အသင်းသည် တစ်ဦးချင်း ရွှေတံဆိပ်ဆုနှင့်အတူ ဆုငွေကျပ်သိန်း (၃၀၀)လက်ခံရရှိခဲ့သလို ဒုတိယဆုရခဲ့သည့် ISPE FC အသင်းသည် တစ်ဦးချင်းငွေတံဆိပ်နှင့်အတူ ဆုငွေကျပ်သိန်း (၂၀၀) ရရှိခဲ့သည်။

အလားတူ တတိယဆုရရှိခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအား တစ်ဦးချင်းကြေးတံဆိပ်ဆုနှင့်အတူ ဆုငွေကျပ်သိန်း (၁၅၀)ကို ရရှိခဲ့သည်။

ယခုနှစ် MNL U-21 Youth League 2025 အမှတ်ပေးပြိုင်ပွဲတွင်ပြိုင်ပွဲဝင်(၁၄)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ရာသီကုန်တွင် ဒဂုံစတားယူနိုက်တက်အသင်းက ဒုတိယနေရာမှ ISPE အသင်းကို နှစ်မှတ်အသာဖြင့် ချန်ပီယံဆုဖလားကြီးအား ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

image