တရက်တည်း ရန်ကုန်နဲ့ ပဲခူးမှာ ကြိုးဆွဲချ အဆုံးစီရင်မှု နှစ်ခုဖြစ်

ရန်ကုန် နဲ့ ပဲခူးမှာ တရက်တည်း မိမိကိုယ်ကိုကြိုးဆွဲချ သေဆုံးမှုနှစ်ခု ဖြစ်ပွားမှုရှိခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ရန်ကုန်ဖြစ်စဥ်က တာ‌မွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ရှိ အဆောင်တခုမှာ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့မနက်အစော ၃ နာရီခွဲလောက်က အသက် ၂၂ နှစ်အရွယ် လူငယ်အမျိုးသားတယောက် ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

" ဘာကြောင့် ခုလိုလုပ်တယ်ဆိုတာတော့မသိပါဘူး။ အတူနေသူကပဲ အရင်သိပြီး သက်ဆိုင်ရာအကြောင်းကြားရာကနေသိတာ။ ခုရက်ပိုင်း ကိုယ့်ကိုယ်ကို သတ်သေတာတွေ များလာနေတာ မကောင်းတဲ့ကိစ္စပါ။ ဘာကိစ္စပဲရှိရှိ ကိုယ့်ကိုယ်ကို သတ်သေတာမျိုးမလုပ်ကြဖို့ ပြောချင်ပါတယ်။" လို့ ဖြစ်စဥ်သိတဲ့ လူမှုကူညီရေးအသင်းဝင်တယောက်ကပြောပါတယ်။

အဆိုပါ အမျိုးသားက ကုမ္ပဏီဝန်ထမ်းဖြစ်ပြီး ဇာတိက ကွမ်းခြံကုန်းမြို့နယ်ကဖြစ်ကြောင်း ၊ လက်ရှိမှာ မိသားစုနဲ့လည်းအဆက်အသွယ်ရရှိပြီဖြစ်တယ်လို့သိရပါတယ်။

ပဲခူးမြို့ မှာလည်း ဒီနေ့ အောက်တိုဘာ ၂၃ ရက်နေ့ မနက်ပိုင်းမှာပဲ အသက်ကြီးပိုင်း အမျိုးသားတယောက်ဟာ အိမ်အောက်ထပ်ရှိ သစ်သားတန်းကိုကြိုးချည်ပြီး မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ခဲ့တယ်လို့သိရပါတယ်။

မနေ့က အောက်တိုဘာ ၂၂ ရက်နေ့ကလည်း မန္တလေးမြို့၊ ကျုံးအနောက်ဘက်၊ လမ်း ၈၀- ၂၂×၂၃ ကြားမှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတယောက် သစ်ပင်မှာ ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့သလို ရန်ကုန်​ရွှေဂုံတိုင်ဂုံး​ကျော်အဆင်း ကား​လမ်း​ပေါ် အမျိုးသမီးငယ်တ​ယောက် မိမိကိုယ်မိမိ ကားအတိုက်ခံ အ​သေခံတဲ့ဖြစ်စဥ်ဖြစ်ခဲ့ပါ​သေးတယ်။

​အောက်တိုဘာ ၂၁ ရက်ကလည်း မကွေးတိုင်း၊ မကွေးမြို့၊ ချမ်းမြေ့သာယာ ရပ်ကွက်မှာ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတယောက် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ လသာအေးကျေးရွာမှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတယောက် နေအိမ် အိပ်ခန်းအတွင်းက အမြင့် ၈ ပေဝန်းကျင်ရှိ ထုပ်တန်းမှာ ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာ ၂ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်းမှာလည်း နေပြည်တော်၊ရန်ကုန် ၊မကွေးမှာ မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့သူ ငါးယောက်ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်း တွေဆီကသိရပါတယ်။

ယခုနောက်ပိုင်းမှာ မိမိကိုယ်ကို အဆုံးစီရင်မှုတွေအဖြစ်များလာနေကြောင်း ၊ အများစုက အချစ်ရေး ၊အိမ်ထောင်ရေးအခြေအနေ၊ လူမှုရေး ၊စီးပွားရေးနဲ့ ဂိမ်းပြဿနာတွေကြောင့် ဖြစ်တယ်လို့သိရပါတယ်။

အဲဒီအပေါ် နေပြည်တော်မှ လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က " မိဘတွေလည်း ကလေးတွေကို သေချာထိန်းကျောင်းဖို့လိုအပ်လာပြီ။ကလေးတွေကလည်း အတွေးမမှားဖို့ စိတ်အလိုမလိုက်ဖို့လိုပါတယ်။ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ မလုပ်ကောင်းတဲ့ကိစ္စကြီးပါ။အဆုံးစီရင်တဲ့အထဲ အသက်ကြီးတွေလည်းတွေ့ရတယ်။မိဘတွေကိုလည်း ပစ်မထားကြပါနဲ့ ။စိတ်ဓာတ်ကျနေတာမျိုး တွေ့ရရင် အားပေးပါ။နှစ်သိမ့်ပေးပါ။ခုနောက်ပိုင်း စလော့ဂိမ်းပြဿနာတွေကလည်း ရှိလာတယ်။ " လို့ အကြံပြု ပြောပါတယ်။

VOM လက်လှမ်းမီသ​လောက် အချက်အလက်​တွေအရ ခု အောက်တိုဘာလ ၁ ရက်မှ ၂၃ ရက်အထိ မိမိကိုယ်ကို အဆုံးစီရင်တဲ့ကိစ္စပေါင်း ၁၁ ခုအထိရှိခဲ့ပါတယ်။

မိမိကိုယ်ကို သတ်သေတဲ့ လုပ်ရပ်ဟာ မလုပ်သင့်တဲ့ ကိစ္စဖြစ်တာကြောင့် ဘာအတွက်ကြောင့်မှ စိတ်ထွက်ပေါက်အဖြစ်ပင် မတွေးသင့်တဲ့ကိစ္စရပ်ဖြစ်တဲ့အတွက် အတုယူမမှားကြဖို့ အလွန်အရေးကြီးကြောင်း ပြည်သူတွေအပါအဝင် စိတ်ကျန်းမာရေးဆရာဝန် ၊ လူမှုကူညီရေးအသင်း အားလုံးက ပြောဆိုထားပါတယ်။

image