ဘင်ဂျာမင် မုန်တိုင်းကြောင့် ဖီယင်နုနှင့် ပါနာသီနိုင်ကို့စ်ပွဲကို ၂ ကြိမ်တိုင်တိုင်ရွှေ့ဆိုင်းခဲ့ရ
================
နယ်သာလန်သို့ ဘင်ဂျာမင် မုန်တိုင်း ဝင်ရောက်လာမှုနှင့်အတူ ဖီယင်နုနှင့် ပါနာသီနိုင်ကို့စ်တို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်အား ရွှေ့ဆိုင်းခဲ့ရပါတယ်။
ယင်းပွဲကို ကြာသပတေးနေ့တွင် ကစားရန် စီစဉ်ထားခဲ့ပေမယ့်လည်း ရိုသာဒမ်တွင် ရာသီဥတုဆိုးရွားနေမှုနှင့်အတူ ယူအီးအက်ဖ်အေဟာ ပွဲကို ၂ ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပါတယ်။
အစောပိုင်းတုန်းက ယင်းပွဲကို ညနေ ၅ နာရီ ၄၅ မိနစ်တွင် ကစားရန် စီစဉ်ထားခဲ့ပေမယ့်လည်း ညနေ ၃ နာရီ ၃၀ မိနစ်သို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။
ဒါပေမယ့် ဒေသတွင်း အာဏာပိုင်တို့ဟာ ဖီယင်နုအား ယင်းပွဲကို ညနေ ၈ နာရီသို့ ထပ်မံ ရွှေ့ဆိုင်းစေခဲ့ပါတယ်။
ဒေသတွင်းအာဏာပိုင်တို့က ညနေ ၄ နာရီအချိန်တွင် ရာသီဥတု အဆိုးရွားဆုံး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမှုနှင့်အတူ ယင်းသို့ ထပ်မံ ရွှေ့ဆိုင်းစေခဲ့တာပါ။
ဒါပေမယ့် ရိုသာဒမ်အာဏာပိုင်တို့က ပွဲအား လာရောက်ကြည့်ရှုမယ့် ပရိသတ်များကိုလည်း အထူးဂရုစိုက်ကြရန်လည်း သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။
ယင်းသို့ ၁၂ နာရီတိုင်တိုင် မရေမရာမှုများ ဖြစ်ခဲ့ပေမယ့်လည်း ပွဲကို ကစားခဲ့ပါတယ်။
ယင်းပွဲစဉ်တွင် ပါနာသီနိုင်ကို့စ်ဟာ ဆွီဒါစကီးရဲ့ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အိမ်ရှင် ဖီယင်နုဟာ ဂီဗိုင်ရိုရီး၊ အာနစ်ဟက်မူဆာ၊ ဆိုင်လီလာရန်တို့ရဲ့ ဂိုးတွေဖြင့် ၃-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ဒါ့အပြင် ရီဂျီကာနှင့် စပါတာပရက်တို့ရဲ့ ကွန်ဖရင့်လိဂ်ပွဲစဉ်မှာလည်း ရာသီဥတုဆိုးရွားမှုကြောင့် ၁၂ မိနစ်တည်းသာ ကစားခဲ့ရပြီးနောက် ပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။
ခရိုအေးရှားတွင် ကစားတဲ့ ယင်းပွဲတွင် ရာသီဥတုဆိုးရွားမှု၊ ကွင်းအခြေအနေ ဆိုးရွားမှုနှင့်အတူ ဒိုင်လူကြီးရောဘတ်ဂျုံးစ်က အဝတ်အစားလဲခန်းအတွင်းသို့ ဝင်ရောက်ရန် ညွှန်ကြားခဲ့ပါတယ်။
ပွဲကို ပြန်ကစားခဲ့ပေမယ့်လည်း ကွင်းအခြေအနေမှာ ကောင်းမွန်လာခြင်း မရှိဘဲ ပိုမိုဆိုးရွားလာမုနှင့်အတူ ပထမပိုင်းကိုသာ ပြီးအောင် ကစားခဲ့ပါတယ်။
ယင်းပွဲရဲ့ ဒုတိယပိုင်းကို ယနေ့ သောကြာနေ့တွင် ပြန်လည်ကစားသွားပါမယ်။