မေဂျာလိဂ် တစ်လတာအကောင်းဆုံးဆုကို မက်ဆီရရှိ

အောက်တိုဘာလအတွက် မေဂျာလိဂ်တစ်လတာအကောင်းဆုံး ကစားသမားဆုကို အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူး မက်ဆီက ရရှိသွားပါတယ်။ မက်ဆီဟာ ၂၀၂၅ မေဂျာလိဂ်ရာသီပိတ် နောက်ဆုံး ၃ ပွဲမှာ ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီးနောက် အခုလို တစ်လတာအကောင်းဆုံးဆုကို ရရှိသွားတာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီရဲ့ ခြေစွမ်းပြမှုနဲ့အတူ ရာသီပိတ်ကာလကို အကောင်းဆုံးဖြတ်သန်းနိုင်ခဲ့သလို အရှေ့ပိုင်းကွန်ဖရင့်စ်မှာ တတိယနေရာရပ်တည်နိုင်ခဲ့ပါတယ်။ မက်ဆီဟာ အခုနှစ်မှာလည်း သူ့ရဲ့မေဂျာလိဂ် မှတ်တမ်းထဲမှာ အကောင်းဆုံးဆုတွေ ထပ်ပေါင်းထည့်နိုင်ခဲ့တာဖြစ်ပြီး အခုနှစ်အတွက် သူ့ရဲ့ တတိယမြောက် တစ်လတာအကောင်းဆုံးဆုကို ရတာဖြစ်သလို မေဂျာလိဂ်ကစားသမားဘဝ တစ်လတာအကောင်းဆုံးဆုကို ၅ ကြိမ်မြောက်ရရှိတာဖြစ်ပါတယ်။

မက်ဆီဟာ ၂၀၂၅ မေဂျာလိဂ် ပုံမှန်ရာသီပွဲစဉ်တွေအပြီးမှာ သွင်းဂိုး ၂၉ ဂိုးနဲ့ သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုကို ရခဲ့သလို ဂိုးဖန်တီးမှု ၁၉ ကြိမ်နဲ့လည်း ဂိုးဖန်တီးမှုအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ အခုနှစ်မေဂျာလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု ၄၈ ဂိုးအထိ စွမ်းဆောင်ပေးခဲ့တဲ့ မက်ဆီရဲ့ စွမ်းဆောင်မှု က မေဂျာလိဂ်ရာသီတစ်ခုအတွင်း ဒုတိယအမြင့်ဆုံးစွမ်းဆောင်မှုလည်းဖြစ်ခဲ့ပါတယ်။ အခုနှစ်အတွက် မေဂျာလိဂ် ပုံမှန်ရာသီက ပြီးဆုံးခဲ့ပြီဖြစ်ပြီး အသက် ၃၈ နှစ်အရွယ် မက်ဆီအနေနဲ့ ပြိုင်ပွဲရဲ့ တစ်နှစ်တာကောင်းဆုံးဆုကို ၂ နှစ် ဆက်ရယူနိုင်ဖို့ အခွင့်အရေး ရှိနေတာလည်းဖြစ်ပါတယ်။

image