အချက်ပေါင်း ၂၀၀ ဓားထိုးခံရပြီး သေဆုံးသွားခဲ့တဲ့ မလေးရှားကျောင်းသူလေးရဲ့နာရေးကို လူပေါင်း ၅၀၀ တက်ရောက်ခဲ့
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်ရှိ ကျောင်းတစ်ကျောင်းမှာ ဓားထိုးခံရပြီး သေဆုံးခဲ့ရတဲ့ အသက် ၁၆ နှစ်အရွယ် ကျောင်းသူလေး Yap Shing Xuen ရဲ့နောက်ဆုံးဈာပနအခမ်းအနားကို အောက်တိုဘာ ၂၀ နေ့က ကွာလာလမ်ပူမှာ ပြုလုပ်ခဲ့ပါတယ်။ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဆရာ၊ဆရာမအပါအဝင် လူပေါင်း ၅၀၀ လောက်က နောက်ဆုံးအနေနဲ့ လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။
ကျောင်းသူလေး အနှစ်သက်ဆုံးအရောင်တွေနဲ့ ပူဖောင်း တစ်ရာကိုလည်း ကိုင်ဆောင်ပေးခဲ့ကြပါတယ်။ နာရေးအခမ်းအနားကို မနက် ၁၀ နာရီခွဲမှာ ပြီးစီးခဲ့ပြီး ကျောင်းသူလေးရဲ့ခေါင်းတလားကို မနက် ၁၁ နာရီ ၂၀ မိနစ်မှာ နိဗ္ဗာန်ယာဉ်နဲ့ သယ်ဆောင်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ပူဖောင်းတွေကို လွှင့်တင်ခဲ့ကြပါတယ်။
ကျောင်းသူလေး Yap Shing Xuen သေဆုံးခဲ့ရတဲ့ဖြစ်ရပ်က အောက်တိုဘာ ၁၄ ရက်နေ့၊ မနက် ၉ နာရီခွဲမှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၁၄ နှစ်အရွယ် တရားခံကျောင်းသားက ကျောင်းသူလေးကို SMK Bandar Utama 4 အထက်တန်းကျောင်းရဲ့သန့်စင်ခန်းထဲမှာ ဓားနဲ့တိုက်ခိုက်ခဲ့တာပါ။ ကျောင်းသူလေးကို ဓားအချက်ပေါင်းများစွာနဲ့ တွေ့ရှိခဲ့ရပြီး အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ရဲတွေက ဓား ၂ ချောင်းနဲ့ kerambit ဓားကွေး ၁ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ကျောင်းသူလေးသေဆုံးရခြင်းအကြောင်းအရင်းက ရင်ဘတ်နဲ့ လည်ပင်းကို ထပ်ခါထပ်ခါဓားနဲ့ထိုးခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဖြစ်ခဲ့ပြီး ၂ ရက်အကြာမှာ ကျောင်းသူလေးရဲ့အမေက သူ့သမီးဟာ ဓားနဲ့ အချက်ပေါင်း ၂၀၀ အထိုးခံခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဓားနဲ့ထိုးခဲ့တဲ့ ကျောင်းသားကို လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ စွဲချက်တင်ထားပါတယ်။ ဘာကြောင့် ကျောင်းသူလေးကို သတ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။
