2 ပတ် - ဘာသာပြန်ပါ။

ရှောင်ဒိုက်ချီကို နည်းပြသစ်အဖြစ် နော်တင်ဟမ်ဖောရက်စ် ခန့်အပ်လာ
====================

နော်တင်ဟမ်ဖောရက်စ်ဟာ ဘန်လေနှင့် အဲဗာတန်နည်းပြဟောင်းရှောင်ဒိုက်ချီကို နည်းပြသစ်အဖြစ် ခန့်အပ်လာပါတယ်။
အသက် ၅၄ နှစ်ရှိ အင်္ဂလိပ်လူမျိုးနည်းပြဟာ ၂၀၂၇ ခုနှစ် နွေရာသီအထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ယခုရာသီ ဖောရက်စ်ရဲ့ တတိယမြောက်နည်းပြဖြစ်လာပါတယ်။

ဖောရက်စ်ဟာ စနေနေ့တုန်းက ချဲလ်ဆီးကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ၁၇ မိနစ်အကြာတွင်ပင် အန့်ပိုစတီကိုဂလူကို ထုတ်ပယ်လိုက်ပြီးနောက် ရှောင်ဒိုက်ချီနှင့် အစားထိုးခန့်အပ်လာတာပါ။

ဖောရက်စ်ဟာ အသင်း ၃၉ ရက်ကြာ ကိုင်တွယ်စဉ်အတွင်း ၈ ပွဲ ကိုင်တွယ်ရာတွင် နိုင်ပွဲ မတွေ့ခဲ့ရပြီးနောက် ဩစတြေးလျနိုင်ငံသားနည်းပြကို ထုတ်ပယ်လာတာလည်း ဖြစ်ပါတယ်။

ဖောရက်စ်ဟာ အန့်ပိုစတီကိုဂလူမတိုင်မီ ရာသီအစ ၃ ပွဲအပြီးတွင်ပင် နူနိုအက်စ်ပီရီတိုအား ထုတ်ပယ်ခဲ့ပါသေးတယ်။
ဖောရက်စ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၈ အပြီးတွင် နိုင်ပွဲ ၁ ပွဲတည်းသာ ရရှိထားသေးကာ အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။

ဒိုက်ချီဟာ ဖောရက်စ် ပထမဆုံးပွဲစဉ်အဖြစ် ကြာသပတေးနေ့ ပေါ်တိုနှင့် ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ်အား ကြီးကြပ်ရပါမယ်။ ပြီးလျှင် သူဟာ ပထမဆုံးပရီးမီးယားလိဂ်ပွဲအဖြစ် တနင်္ဂနွေနေ့ ဘုန်းမောက်ပွဲအား ကိုင်တွယ်ရပါမယ်။

ဒိုက်ချီရဲ့ နည်းပြအဖွဲ့ဝင် ဖောရက်စ်ကစားသမားဟောင်းများဖြစ်ကြတဲ့ အီယန်ဝိုအန်နှင့် စတီဗင်စတုန်းတို့လည်း တာဝန်ထမ်းဆောင်လာကြပါမယ်။

ဒိုက်ချီဟာ ၁၉၈၀ ခုနှစ်များတုန်းက ဖောရက်စ်တွင် လူငယ်ကစားသမားအဖြစ် ကျင်လည်ခဲ့ဖူးပေမယ့် ပထမအသင်းအတွက် ကစားခဲ့ဖူးခြင်း မရှိပါဘူး။

သူဟာ ဇန်နဝါရီလတုန်းက အဲဗာတန်မှ ထုတ်ပယ်ခြင်းခံရပြီးနောက် အသင်းလက်မဲ့ဖြစ်လာခဲ့သူပါ။

သူဟာ အဲဗာတန်အား ပရီးမီးယားလိဂ်ပွဲ ၇၅ ပွဲကြီးကြပ်ခဲ့ရာမှာ နိုင်ပွဲ ၂၁ ပွဲ၊ သရေ ၂၃ ပွဲ ရရှိပြီး ၃၁ ပွဲ ရှုံးပွဲကြုံခဲ့ပါတယ်။
သူဟာ အဲဗာတန်ကို မကိုင်တွယ်မီ ဘန်လေကို ဆယ်စုနှစ်တစ်ခုနီးပါး ကိုင်တွယ်ခဲ့ကာ ပရီးမီးယားလိဂ်သို့ နှစ်ကြိမ် တန်းတက်နိုင်အောင် စွမ်းဆောင်ခဲ့တဲ့အပြင် ၁၉၆၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပဝင်ခွင့်ရအောင်လည်း စွမ်းဆောင်ပေးခဲ့ပါတယ်။

သူဟာ ၂၀၁၁-၁၂ ရာသီတွင် ဝက်ဖို့ဒ်ကို ကိုင်တွယ်ခဲ့ပေမယ့် ပိုင်ရှင်အပြောင်းအလဲကြောင့် ရာထူးကို ဆုံးရှုံးခဲ့ရပါတယ်။

image