ထရန့်-ပူတင် ဟန်ဂေရီဆွေးနွေးပွဲ ပျက်
အောက်တိုဘာ ၂၂
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ကို ဆိုင်းငံ့ထားပြီးနောက် အလဟဿအချိန်ကုန်မယ့် အစည်းအဝေးမျိုးကို အလိုမရှိဘူးလို့ ပြောပါတယ်။
လက်ရှိ ရှေ့တန်းတလျှောက်မှာ တိုက်ပွဲတွေ ရပ်ဖို့ ရုရှားရဲ့ ငြင်းဆန်မှုက အတားအဆီးတခုအဖြစ် ကျန်နေသေးတယ်လို့ အမေရိကန် သမ္မတကဆိုပါတယ်။ ယခင်ကတော့ ပူတင်နဲ့ ထရန့်ဟာ ဟန်ဂေရီနိုင်ငံ ဘူဒါပက်မှာ လာမယ့်နှစ်ပတ်အတွင်း တွေ့ဆုံဖို့ စီစဉ်ထားခဲ့တာပါ။
ယူကရိန်းငြိမ်းချမ်းရေးအတွက် အမေရိကန်နဲ့ ရုရှားအဆိုပြုချက်တွေအကြား အဓိက ကွဲလွဲမှုတွေဟာ ယခုသီတင်းပတ်အတွင်း ပိုမိုကွဲပြားလာကာ ထိပ်သီးဆွေးနွေးပွဲကျင်းပရေးအတွက် အဓိကအတားအဆီး ဖြစ်နေပုံရတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။
ထရန့်နဲ့ ပူတင်တို့ဟာ အလက်စကာမှာ ဩဂုတ်လအတွင်းက နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး တိကျသောရလဒ်တွေ ထွက်ပေါ်လာခြင်းမရှိခဲ့ပါဘူး။ စီစဉ်ထားတဲ့ လက်ရှိဆွေးနွေးပွဲ ဆိုင်းငံ့မှုဟာ အလားတူအဖြစ်မျိုး ရှောင်းရှားဖို့အတွက်လို့ ရှုမြင်နိုင်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်ရော့ဗ်တို့ဟာ ထိပ်သီးဆွေးနွေးပွဲအတွက် ယခုသီတင်းပတ်မှာ တွေ့ဆုံဖို့စီစဉ်ထားပေမယ့် မနေ့က တယ်လီဖုန်းဆက်သွယ် ဆွေးနွေးခဲ့တာကြောင့် တွေ့ဆုံဖို့ မလိုအပ်တော့ဘူးလို့ အိမ်ဖြူတော်က ဆိုပါတယ်။
လက်ရှိရှေ့တန်းမှ တိုက်ခိုက်မှုတွေကို အရင်ဆုံးရပ်တန့်ဖို့ ယူကရိန်းနဲ့ ဥရောပခေါင်းဆောင်တွေ ကျောထောက်နောက်ခံပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဒေါ်နယ်ထရန့်က အောက်တိုဘာ ၂၀ ရက်မှာ လက်ခံခဲ့ပါတယ်။
ရုရှားကတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကိုစိတ်ဝင်စားပြီး ရှေ့တန်းကတိုက်ပွဲတွေ ရပ်တန့်တာဟာ အပစ်အခတ်ရပ်စဲရေးကို အတိုင်းအတာအတခုထိသာ သက်ရောက်မယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ပြောပါတယ်။