ဘာစီလိုနာရဲ့ အငြင်းပွားဖွယ် မိုင်ယာမီ လာလီဂါပွဲစဉ်အား ဖျက်သိမ်းလိုက်ပြီ
===================

ဘာစီလိုနာရဲ့ မိုင်ယာမီတွင် ကစားမယ့် လာလီဂါပွဲစဉ်မှာ ပွဲစီစဉ်သူများက ပွဲကျင်းပရေး လုံလောက်တဲ့ အချိန်မရှိမှုနှင့်အတူ ပွဲကို ဖျက်သိမ်းလာပြီ ဖြစ်ပါတယ်။

စပိန်ထိပ်သီးကလပ်ဟာ ဗီလာရီးရဲလ်နှင့် လာလီဂါပွဲစဉ်အား မိုင်ယာမီရှိ Hard Rock Stadium တွင် ကစားရန် စီစဉ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဗီလာရီးရဲလ်နှင့် ဘာစီလိုနာတို့ရဲ့ လာလီဂါပွဲစဉ်အား နိုင်ငံခြားတွင် ကစားရန် စီစဉ်လာမှုအပေါ် ဘောလုံးလောကအတွင်း အကြီးအကျယ်ဆန့်ကျင်မှုများနှင့် ရင်ဆိုင်လာခဲ့ရပါတယ်။

ပြီးခဲ့တဲ့အပတ်လာလီဂါပွဲစဉ်တွင် ကစားသမားများဟာ ပွဲအစ ၁၅ စက္ကန့်အား မကစားဘဲ နိုင်ငံခြားတွင် ကစားမယ့် လာလီဂါပွဲ အစီအစဉ်ကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပါတယ်။

ဘာစီလိုနာကစားသမားများဟာလည်း စနေနေ့ည ဂီရိုနာနှင့်ပွဲစဉ်တွင် ပွဲအစ ၁၅ စက္ကန့်ကို မကစားဘဲ သပိတ်မှောက်ရာမှာ ပါဝင်ခဲ့ကြပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ ယင်းပွဲကို စီစဉ်တဲ့ Relevent Sports က စပိန်တွင် မရေမရာ ဖြစ်နေတဲ့ အခြေအနေများ၊ ပွဲကျင်းပရေးအတွက် အချိန်အလုံအလောက် ရရှိခြင်း မရှိမှု၊ လက်မှတ်စတင်ရောင်းချရေး ခက်ခဲနေမှုများကြောင့် ပွဲကို ရွှေ့ဆိုင်းလာရနိုင်ကြောင်း ကြေညာလာပါတယ်။

Relevent Sports ဘက်က ပွဲကို ရွှေ့ဆိုင်းလာတယ်လို့သာ ကြေညာလာခဲ့ပေမယ့်လည်း လာလီဂါဘက်ကတော့ ယင်းပွဲကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။

ဗီလာရီးရဲလ်နှင့် ဘာစီလိုနာတို့ရဲ့ လာလီဂါပွဲအား နိုင်ငံခြားတွင် ကစားရေး ဖျက်သိမ်းလာခဲ့ပြီ ဖြစ်ပေမယ့်လည်း အေစီမီလန်နှင့် ကိုမိုတို့ရဲ့ စီးရီးအေပွဲစဉ်ကတော့ ဖေဖော်ဝါရီလမှာ ဩစတြေးလျတွင် ကစားလာဦးမှာ ဖြစ်ပါတယ်။

image