ငယ်ငယ်တုန်းက မီးပျက်တဲ့အခါမှာ ကိုယ့်အိမ်နားပတ်ဝန်းကျင်က ခြုံပုတ်လေးတွေထဲမှာ ရေဝပ်နေတတ်တဲ့ မြောင်းအသေးစားလေးတွေနားမှာ အရောင်တလက်လက်နဲ့ ပျံသန်းနေတတ်တဲ့ ပိုးစုန်းကြူးကောင်လေးတွေကို မြင်ဖူးကြမှာပါ။
ကလေးဘဝကတော့ ဒီအကောင်လေးတွေက ဘာလို့မီးလင်းနေတာလည်းဆိုတာ စာဖတ်ပရိသတ်ကြီးတို့လည်းသိချင်ခဲ့ကြမှာပါ။
တစ်ကယ်တော့ ပိုးစုန်းကြူးကောင်လေးတွေရဲ့ မီးလင်းတာဟာ ကျွန်တော်တို့ထင်တာထက် ပိုအရေးပါပါတယ်။ သူတို့ကိုတိုက်ခိုက်မယ့် သားရဲတွေ အန္တရာယ်က ကာကွယ်ပေးတဲ့အပြင် အချင်းချင်းဆက်သွယ်တဲ့နေရာမှာလည်း အသုံးပြုကြပါတယ်။ ဒါ့အပြင် ဒီအချက်ပြမီးဟာ သူတို့အတွက် အမမျိုးစိတ်တွေကို မိတ်လိုက်ဖို့ ဆွဲဆောင်တဲ့ သင်္ကေတ တစ်ခုလည်းဖြစ်ပါတယ်။
နောက်မီးလင်းတယ်ဆိုတဲ့ စကားဟာ အိမ်ထောင်ရေးဖောက်ပြန်မှုအတွက် သုံးကြတယ်ဆိုတာ ဒီပိုးစုန်းကြူးကောင်လေးတွေကနေလာတာဖြစ်နိုင်ပါသေးတယ်။
(ဒါဟာ ကျွန်တော်ရဲ့အတွေးအမြင်တစ်ခုပါ)
ဒါဆိုသူတို့ဘယ်လို နောက်မီးလင်းကြသလဲ?
ပိုးစုန်းကြူးလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အလင်းစွမ်းအင်ကိုထုတ်ပေးနိုင်တဲ့ Luciferin လို့ခေါ်တဲ့ chemical တစ်မျိုးရှိပါတယ်။ ဒီ chemical ဟာ အောက်စီဂျင်နဲ့ ATP (Adenosine Triphosphate) လို့ခေါ်တဲ့ ဆဲလ်တွေထဲမှာရှိတဲ့ Energy နဲ့ပေါင်းစပ်ဓါတ်ပြုပြီး ပိုစုန်းကြူးကောင်လေးတွေရဲ့ ဝမ်းဗိုက်နားမှာ အလင်းရောင်ပေါ်ထွက်လာတာပဲဖြစ်ပါတယ်။
အံ့သြစရာကောင်းတာတစ်ခုကတော့ ဒီစွမ်းအင်ကထွက်လာတဲ့ အလင်းရောင်ဟာ 100% နီးပါးလုံးက အလင်းစွမ်းအင်အနေနဲ့ပဲထွက်လာတာဖြစ်ပါတယ်။ ပုံမှန် မီးသီး မီးချောင်းတွေကရတဲ့ အလင်းလို အပူစွမ်းအင်လုံးဝ မပြောင်းလဲသွားပါဘူး။ ဒါကြောင့် သူ့ကို (cold light) အလင်းအေးလို့ခေါ်ကြပါတယ်။
ဒီမှိတ်တုတ်မှိတ်တုတ်အလင်းလေးဟာ သူတို့ရဲ့ နေ့စဥ်ဘဝမှာ အလွန်အရေးပါပါတယ်။ အဓိကအချက်ကတော့ မိတ်လိုက်ဖို့ပေါ့။ ပိုးစုန်းကြူးအထီးလေးတွေရဲ့ အလင်းရောင်အချက်ပြပုံကိုကြည့်ပီး အမ တွေဟာ မိတ်လိုက်ဖို့သင့်မသင့် စဥ်းစားကြပါတယ်။ Pattern ကောင်းရင် လင်တော်မယ်ဆိုတဲ့သဘောပါဘဲ။ နောက်ပီး ဒီအလင်းရောင်ကို တစ်ကောင်နဲ့ တစ်ကောင် ဆက်သွယ်ဖို့၊ သူတို့ကိုစားမယ့် အကောင်တွေကို သတိပေးဖို့၊ သားကောင်ဖမ်းဖို့နဲ့ နယ်မြေကာကွယ်ဖို့လည်း သုံးကြပါသေးတယ်။
ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ကျွန်တော်တို့ဟာ ပိုးစုန်းကြူးလေးတွေကို နောက်ဆုံးမြင်ရတဲ့မျိုးဆက်ဖြစ်နေတယ်ဆိုတာပါပဲ။
မြို့ကြီးပြကြီးတွေမှာ အလင်းရောင်တွေ ပိုမိုတောက်ပလာတာနဲ့အမျှ ညအမှောင်က ပိုမိုနည်းပါးလာပြီး အချိန်ကြာကြာလှုပ်ရှားခဲ့တဲ့ အဲဒီအလင်းရောင်ငယ်လေးတွေဟာလည်း
အခုဆို မှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်လာနေပါတယ်။
ပတ်ဝန်းကျင်ညစ်ညမ်းလာမှု၊ သဘာဝကျက်စားရာနေရာများ ဆုံးရှုံးမှုနှင့် လူလုပ်အလင်းရောင်များကြောင့် ပိုးစုန်းကြူး လေးတွေဟာ တဖြည်းဖြည်း ပျောက်ကွယ်လာနေတယ်လို့သိပ္ပံပညာရှင်များက သတိပေးနေကြပါတယ်။
မကြာခင်မှာ ကလေးဘဝက အံ့ဩမှုရဲ့ သင်္ကေတတစ်ခုဖြစ်ခဲ့တဲ့ ဒီ သေးငယ်တဲ့အလင်းရောင်လေးဟာ မကြာခင်မှာ မှတ်ဉာဏ်ထဲမှာပဲ ကျန်ရှိနေတော့မှာဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ အမှောင်ထုထဲက အလင်းရောင်ငယ်လေးတွေဟာ စကြဝဠာကြီးထဲမှာ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုကို နားလည်သဘောပေါက်စေနိုင်ပါတယ်။