ဇနီးနှင့်အတူရှိနေသည့် အမျိုးသားကို ပေါက်ခေါင်း PDF များက ဖမ်းဆီးသွားကာ ဦးခေါင်းကို သေနတ်ဖြင့်တေ့၍ ပစ်ခတ် သတ်ဖြတ်လိုက်မှုဖြစ်ပွား

အောက်တိုဘာ ၂၁

နေအိမ်တွင် ဇနီးနှင့်အတူရှိနေသည့် အမျိုးသားကို ပေါက်ခေါင်း PDF များက ဖမ်းဆီးသွားကာ ဦးခေါင်းကို သေနတ်ဖြင့်တေ့ပစ်၍ သတ်ဖြတ်လိုက်မှု ပေါက်ခေါင်းမြို့နယ်၊ စိုင်ပစ်အင်းကျေးရွာအနီး၌ ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ စိုင်ပစ်အင်းကျေးရွာအနီး၌ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အောက်တိုဘာ ၁၈ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် အဆိုပါကျေးရွာနေ ကိုချမ်းမြေ့အောင်(၂၆)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ မဖြူဖွေး(ခ)စန်းသီတာအောင်(၂၇)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF ခုနစ်ဦးခန့် ရောက်ရှိလာပြီး ကိုချမ်းမြေ့အောင်အား ဒလန်ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ကျေးရွာ၏ အနောက်ဘက် ၄ ဖာလုံခန့်အကွာအရောက် သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော်အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

image